ဘူတန်နိုင်ငံ ခရီးသွားလုပ်ငန်းကို ၁၉၇၄ ခုနှစ်ကတည်းက စတင်ခဲ့ပါတယ်။ ဘူတန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ လူအင်အားအများဆုံး ၂ နိုင်ငံဖြစ်တဲ့ အိန္ဒိယနဲ့ တရုတ်နိုင်ငံကြားမှာ တည်ရှိပေမယ့် ခရီးသွား ဧည့်သည်လာရောက် လည်ပတ်နှုန်းကတော့ နည်းပါးပါတယ်။ ဒီလို နည်းပါးနေရတဲ့ အကြောင်းကလည်း ဘူတန်အစိုးရကြောင့်လို့ ဆိုနိုင်ပါတယ်။
ဘူတန်နိုင်ငံကို လာရောက် လည်ပတ်လိုတဲ့ ကမ္ဘာလှည့် ခရီးသွားတွေကို ကန့်သတ်ထားတဲ့ အချက်အလက်တွေ အများကြီး ရှိပါတယ်။ ဘူတန်အစိုးရ အဓိက စိုးရိမ်တဲ့ အချက်ကတော့ ဘူတန်ယဉ်ကျေးမှုနဲ့ အေးအေးချမ်းချမ်းနေလိုတဲ့ ဘူတန်လူမျိုးတွေရဲ့ စရိုက် ပျက်စီးသွားမှာကိုပါပဲ။
နိုင်ငံတိုးတက်မှုကို စီးပွားရေးရေချိန်နဲ့ မတိုင်းဘဲ ပျော်ရွှင်မှု ရေချိန်နဲ့သာ တိုင်းလေ့ရှိတဲ့ ဘူတန်အစိုးရ အတွက်တော့ စိုးရိမ်မယ်ဆိုလည်း စိုးရိမ်စရာတွေ ချည်းပါပဲ။ ကမ္ဘာပေါ်က ထင်ရှားတဲ့ ဒေသအများစုဟာ အဆမတန်များပြားလာတဲ့ ခရီးသွား ဧည့်သည်တွေကြောင့် စိတ်ဒုက္ခ ရောက်နေကြရပါတယ်။
ဒီလို လက္ခဏာတွေဟာ အေးအေးဆေးဆေးနေလိုတဲ့ ဘူတန်လူမျိုးတွေရဲ့ စရိုက်နဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတဲ့အတွက် ခရီးသွားဝင်ရောက်မှုကို ကန့်သတ်ချက်တွေ ထားခဲ့ရတာပါ။
ဘူတန်အစိုးရအနေနဲ့ ဘူတန်နိုင်ငံကို လာရောက်လည်ပတ်တဲ့ နိုင်ငံခြားသား ခရီးသွားဧည့်သည်တွေကို တရက် ဒေါ်လာ ၂၅၀ သုံးဖို့ အကြံပြုချက် ပေးထားပါတယ်။ ဘူတန်အစိုးရက သတ်မှတ်ထားတဲ့ အသုံးစရိတ်ကို သုံးစွဲနိုင်မှာသာ ဘူတန်နိုင်ငံကို လာရောက် လည်ပတ်ခွင့် ရှိပါတယ်။
အရင်ကတော့ ဒီသတ်မှတ်ချက်ဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ မသက်ဆိုင်ခဲ့ပေမယ့် အခုမှာတော့ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ မော်လ်ဒိုက်နိုင်ငံတွေက လာရောက် လည်ပတ်ကြမယ့်သူတွေပါ တရက် ဒေါ်လာ ၂၅၀ သုံးနိုင်မှ ဘူတန်နိုင်ငံကို လည်ပတ်နိုင်မှာပဲ ဖြစ်ပါတယ်။ ဒေါ်လာ ၂၅၀ ဆိုတာ အိန္ဒိယ ရူပီး ၁ သောင်းခွဲကျော်(၁၇,၇၀၀ ရူပီး) ရှိပါတယ်။ ဒါကြောင့်လည်း ဒီနိုင်ငံသားတွေအနေနဲ့ ဘူတန်နိုင်ငံကို လာရောက် လည်ပတ်ဖို့ အခက်အခဲ ရှိနေကြတယ်လို့ သိရပါတယ်။
ဘူတန်နိုင်ငံ ခရီးသွားလာရေးကောင်စီရဲ့ ဒါရိုက်တာဖြစ်သူ Dorji Dhradhul ကတော့ အခုလို ကန့်သတ်ရတဲ့အကြောင်းက တိုင်းပြည်ရဲ့ တန်ဖိုးကို မြှင့်တင်လိုတဲ့အတွက်ဖြစ်ပြီး အကျိုးသက်ရောက်မှု နည်းပါးတဲ့ ခရီးသွားတွေကို ကာကွယ်နိုင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
စည်းမျဉ်း စည်းကမ်းတွေအနေနဲ့ ဘယ်အချိန်ထိ အကျိုးသက်ရောက်မှု ရှိတယ်ဆိုတာကို ဖော်ပြမထားပေမယ့် ဘူတန် ခရီးသွားလာရေးလုပ်ငန်း လုပ်ကိုင်နေကြသူတွေဆီက ရတဲ့ သတင်းရင်းမြစ်တွေအရ ဆိုရင်တော့ အခု သတ်မှတ်ထားတဲ့ ခရီးသွား ပေါ်လစီ မူဝါဒကြမ်းကို အနည်းဆုံး ၄ နှစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။
Ref: timesofindia