အရှေ့တောင်အာရှခရီးသွားဈေးကွက်မှာ တရုတ်နဲ့အိန္ဒိယခရီးသွားတွေက အရေးပါတဲ့နေရာကို ရောက်လာကြ ပါတယ်။ ဒါကြောင့်လည်း သက်ဆိုင်ရာနိုင်ငံအသီးသီးတွေမှာ တရုတ်နဲ့အိန္ဒိယခရီး သွားဧည့်သည်တွေကို ဗီဇာကင်းလွတ်ခွင့်ပြုနေတာကိုလည်း တွေ့နေရပါတယ်။
မလေးရှားနိုင်ငံကလည်း လာမယ့် ၂၀၂၀ ဇန်နဝါရီ ၁ ရက်နေ့ကစတင်ပြီး တရုတ်နဲ့အိန္ဒိယ ခရီးသွားတွေကို မလေးရှား နိုင်ငံမှာ ၁၅ရက်လည်ပတ်နိုင်မယ့် ဗီဇာကင်းလွတ်ခွင့် စတင်တော့မှာဖြစ်ကြောင်း အစိုးရထုတ်ပြန်ချက်တွေအရ သိရပါတယ်။
တရုတ်နဲ့ အိန္ဒိယနိုင်ငံဟာ ကမ္ဘာပေါ်မှာ လူဦးရေ အထူထပ်ဆုံးနိုင်ငံတွေ ဖြစ်ကြပါတယ်။ မလေးရှား နိုင်ငံကို လာရောက်လည်ပတ်ကြမယ့် တရုတ်နဲ့အိန္ဒိယခရီးသွားတွေအနေနဲ့ ၁၉၆၆ ခုနှစ် နိုင်ငံကူး လက်မှတ်ဆိုင်ရာ အက်ဥပဒေပုဒ်မ ၂(၁)အရ မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေး ညွှန်ကြားရေးမှူး ချုပ်ညွှန်ကြားထားတဲ့အတိုင်း မလေးရှားနိုင်ငံအတွင်း သွားရောက်လိုတဲ့ဒေသနဲ့ ခရီးသွားအစီအစဉ် တွေကို အီလက်ထရောနစ်စနစ်နဲ့ မှတ်ပုံတင်သွားရမယ်လို့လည်း သိရပါတယ်။
မလေးရှားအစိုးရရဲ့ ထုတ်ပြန်ချက်အရဆိုရင်တော့ လာရောက်လည်ပတ်လိုတဲ့ တရုတ်နဲ့အိန္ဒိယခရီး သွားတွေအနေနဲ့ မလေးရှားနိုင်ငံကိုမလာရောက်ခင် ကိုယ်ရေးကိုယ်တာအချက်အလက်နဲ့ လည်ပတ်မယ့်ခရီးစဉ်အကြောင်းကို ၃ လကြိုတင် ပေးထားရမှာဖြစ်ပြီး ခရီးသွားသူတွေရဲ့ အချက်အလက်တွေကို အီလက်ထရောနစ်မှတ်ပုံတင်စနစ်နဲ့ မှတ်ပုံတင်ထားမယ်လို့ သိရပါတယ်။
အီလက်ထရောနစ်စနစ်နဲ့ ၃ လကြိုတင်မှတ်ပုံတင်ပြီးသွားတဲ့နောက်မှာတော့ မလေးရှားနိုင်ငံကို လာရောက် လည်ပတ်တဲ့ တရုတ်နဲ့အိန္ဒိယခရီးသွားတွေအနေနဲ့ သက်ဆိုင်ရာမလေးရှား အာဏာပိုင်တွေရဲ့ ဆိုက်ရောက်ကြောင်း အထောက်အထားယူရမှာဖြစ်သလို မလေးရှားနိုင်ငံမှာ သုံးစွဲသွားမယ့် ငွေကြေးပမာဏကိုလည်း တင်ပြဖို့လိုအပ်တယ် လို့ သိရပါတယ်။
မလေးရှားနိုင်ငံမှာ ဗီဇာကင်းလွတ်ခွင့်နဲ့ ၁၅ ရက်ကြာလည်ပတ်ပြီးသွားတဲ့ တရုတ်နဲ့ အိန္ဒိယခရီးသွားတွေဟာ မလေးရှားနိုင်ငံက ပြန်လည်ထွက်ခွာပြီး ၄၅ ရက်အကြာမှာ နောက်ထပ်တဖန်လာရောက် လည်ပတ်နိုင်ဖို့ မလေးရှား အစိုးရက ခွင့်ပြုထားပါတယ်။ နောက်တကြိမ် လာရောက်လည်ပတ်ချိန်မှာလည်း ပထမအကြိမ်က စည်းမျဉ်းစည်းကမ်း တွေအတိုင်း လိုက်နာဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။
Ref:newstraitstimes