မကြာခင် ၂၀၁၉ ခုနှစ်ကုန်ဆုံးလို့ ၂၀၂၀ ကို ရောက်ရှိလာပါတော့မယ်။ ကမ္ဘာအရပ်ရပ်မှာ ရှိတဲ့ နိုင်ငံ အများစုက လူလတ်တန်းစားတွေအနေနဲ့ ဝင်ငွေတိုးလာကြတဲ့အတွက် ခရီးသွားတာကို ပိုမိုလုပ်ဆောင်လာကြပါတယ်။ ခရီးသွားတဲ့အခါမှာ အန္တရာယ်အရှိဆုံး ဒေသတွေရှိသလို လုံခြုံစိတ်ချရမှု အရှိဆုံးဒေသတွေလည်း ရှိပါတယ်။
အခုဖော်ပြပေးမယ့် ဒေသတွေကတော့ ၂၀၂၀ ခုနှစ်မှာ ခရီးသွားမယ့် နိုင်ငံတကာ ခရီးသွားတွေအတွက် လုံခြုံစိတ်ချရမှု အရှိဆုံး ဒေသတွေရဲ့ အကြောင်းပါ။ ဒီအစီရင်ခံစာကတော့ International SOS က လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ပြုစုထားတဲ့ အစီရင်ခံစာ ဖြစ်ပါတယ်။ International SOS ဆိုတာ ကမ္ဘာ့အကြီးဆုံး ဆေးကုသမှုနဲ့ ခရီးသွားလုံခြုံရေးဆိုင်ရာ ကုမ္ပဏီတခုပါ။
ဒီအဖွဲ့အစည်းကြီးအနေနဲ့ ၂၀၂၀ ခုနှစ်အတွက် အန္တရာယ်အရှိဆုံး နိုင်ငံတွေကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။ အန္တရာယ် အဆင့်အတန်းကို သတ်မှတ်ရာမှာလည်း အနိမ့်စား၊ အလတ်စားနဲ့ ကြီးကြီးမားမား အန္တရာယ်ပေးနိုင်တဲ့ နိုင်ငံတွေဆိုပြီး အဆင့်ခွဲခြား သတ်မှတ်ပေးခဲ့ပါတယ်။
လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူတွေ ပြုစုထားတဲ့ အစီရင်ခံစာအရ ၂၀၂၀ ခုနှစ်အတွက် လုံခြုံစိတ်ချရမှု အရှိဆုံးနိုင်ငံတွေကတော့ နော်ဒစ်နိုင်ငံတွေဖြစ်တဲ့ ဆွီဒင်၊ ဖင်လန်၊ ဒိန်းမတ်၊ နော်ဝေနဲ့ အိုက်စလန်နိုင်ငံတို့ပါ။
ခရီးသွားတွေကို အန္တရာယ်ဖြစ်စေမှု အနိမ့်ကျဆုံးနိုင်ငံတွေကတော့ အမေရိကန်ပြည်ထောင်စု၊ သြစတြေးလျ၊ နယူးဇီလန်၊ ကနေဒါ၊ အာဂျင်တီးနား၊ ဂျပန်၊ တရုတ်၊ နမီးဘီးယားနဲ့ ဥရောပနိုင်ငံ အများစုပါ။
International SOS အနေနဲ့ ခရီးသွားတွေအတွက် လုံခြုံမှုအရှိဆုံး နိုင်ငံတွေကိုသတ်မှတ်ရာမှာ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ နိုင်ငံရေးအကြမ်းဖက်မှု၊ လူမှုရေး မငြိမ်သက်မှု၊ သယ်ယူပို့ဆောင်ရေး၊ စက်မှုလုပ်ငန်း၊ လုံခြုံရေး၊ သဘာဝဘေးအန္တရာယ် ကျရောက်မှုနဲ့ အရေးပေါ်ဝန်ဆောင်မှု စတဲ့ အချက်အလက်တွေကိုအခြေခံပြီး စာရင်းပြုစုထားတာ ဖြစ်ပါတယ်။
ခရီးသွားတွေအတွက် အလယ်အလတ်တန်းစား အန္တရာယ်ရှိတဲ့ နိုင်ငံတွေကတော့ ရုရှား၊ အိန္ဒိယ၊ တောင်အာဖရိက၊ ကော့စတာရီကာ၊ ဆော်ဒီအာရေဗျ၊ တူရကီ ၊ ဘရာဇီး၊ အင်ဒိုနီးရှားနဲ့ မိုဇမ်ဘစ်နိုင်ငံတွေပါ။
၂၀၂၀ ခုနှစ်မှာ ခရီးသွားတွေအတွက် အန္တရာယ်အရှိဆုံး နိုင်ငံတွေကတော့ လစ်ဗျာ၊ ဆီးရီးယား၊ အီရတ်၊ ယီမင်နဲ့ အာဖဂန်နစ္စတန်နိုင်ငံတွေပါ။ ဒါကြောင့်လည်း ၂၀၂၀ ခုနှစ်မှာ ခရီးသွားမယ်ဆို ဒီနိုင်ငံတွေကို မသွားမိဖို့ လိုအပ်ပါတယ်။ ဒီနိုင်ငံတွေဟာ နိုင်ငံရေးအရ တည်ငြိမ်မှု မရှိသေးသလို အကြမ်းဖက် တိုက်ခိုက်မှုတွေကလည်း အချိန်နေရာမရွေး ပေါ်ပေါက်လာနိုင်တဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။
၂၀၂၀ ခုနှစ်မှာ ခရီးသွားလိုသူတွေအနေနဲ့ ကိုယ်သွားလိုတဲ့ နိုင်ငံတွေရဲ့ ကျန်းမာရေး၊ လုံခြုံရေး စတာတွေနဲ့ ပတ်သက်ပြီး သံသယရှိတယ်လို သက်ဆိုင်ရာအစိုးရရဲ့ ခရီးသွားလာရေး အကြံပေးချက် အစီရင်ခံစာတွေကို ကြိုတင်လေ့လာသင့်ပါတယ်။
Ref: lonelyplanet
You may also like these stories:
၂၀၂၀ ခုနှစ်ထဲ ထိုင်းနဲ့ ကမ္ဘောဒီးယားမှာ ဇာတ်ကားတွေ ရိုက်ကူးဖို့ ရှိနေတဲ့ ပိုင်တံခွန်
၂၀၂၀ ရောက်ရင် မန္တလေးမှာ One Lady Show လုပ်မယ့် အဆိုတော် ပိုပို
ကမ္ဘာလှည့်ခရီးသွားတွေ မဲပေးရွေးချယ်ခဲ့တဲ့ အာရှတိုက်ရဲ့ အလှဆုံးနေရာများ