၂၀၁၉ ခုနှစ်အတွင်း ထိုင်းနိုင်ငံကို လာရောက် လည်ပတ်ခဲ့တဲ့ နိုင်ငံတကာ ခရီးသွားအရေအတွက်က ၃၉ သန်းကျော် ရှိခဲ့ပါတယ်။ အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာဆိုရင် ထိုင်းခရီးသွားလုပ်ငန်းဟာ အအောင်မြင်ဆုံး ဖြစ်တဲ့အပြင် နိုင်ငံတကာ ခရီးသွားတွေကြားမှာ ရေပန်းအစားဆုံး နိုင်ငံတနိုင်ငံ ဖြစ်နေသေးတဲ့အကြောင်း ထိုင်းခရီးသွားလာရေးနဲ့ အားကစားဝန်ကြီး Phiphat Ratchakitprakarn က ပြောပါတယ်။
ခန့်မှန်းခြေအားဖြင့်တော့ ထိုင်းနိုင်ငံကို လာရောက် လည်ပတ်တဲ့ နိုင်ငံတကာ ခရီးသွား အရေအတွက်က တရက်ကို ၁ သိန်း ၄ သောင်းနီးပါး ရှိခဲ့ပါတယ်။ ထိုင်းနိုင်ငံကို နိုင်ငံတကာခရီးသွားတွေ ပိုမိုလာရောက်လည်ပတ်တဲ့ အကြောင်းအရင်းတွေထဲမှာ ထိုင်းနိုင်ငံသားတွေရဲ့ ဖော်ရွေပျူငှာမှုကလည်း အကြောင်းတချက်အနေနဲ့ ပါဝင်ပါတယ်။
ထိုင်းနိုင်ငံကို တတိယအကြိမ် လာရောက် လည်ပတ်ခဲ့တဲ့ Anna Pavlovskaya ကလည်း သူမအနေနဲ့ ထိုင်းနိုင်ငံကို လာရောက် လည်ပတ်ဖြစ်နေတဲ့အကြောင်းက ထိုင်းနိုင်ငံကို သဘောကျတာကြောင့် ဖြစ်သလို ထိုင်းနိုင်ငံသားတွေရဲ့ ဖော်ရွေပျူငှာမှုကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။
ထိုင်းခရီးသွားလာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ အစီရင်ခံစာအရဆိုရင်တော့ ၂၀၁၉ ခုနှစ်အတွင်း ထိုင်းခရီးသွားလုပ်ငန်းတွေကနေ ဝင်ငွေ ဘတ် ၁ ဒဿမ ၇၄ ထရီလီယံ ရရှိခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၉ ခုနှစ်မှာရရှိခဲ့တဲ့ ဝင်ငွေပမာဏက ၂၀၁၈ ခုနှစ်ထက် ၃ ဒဿမ ၆၇ ရာခိုင်နှုန်း ပိုများလာခဲ့ပါတယ်။
ဝန်ကြီးဌာနရဲ့ ခန့်မှန်းချက်အရ ၂၀၂၀ ခုနှစ်အတွင်း ထိုင်းနိုင်ငံကို လာရောက် လည်ပတ်မယ့် ခရီးသွားအရေအတွက်က သန်း ၄၀ ကျော်နဲ့ ဝင်ငွေ ဘတ် ၂ ထရီလီယံရရှိမယ်လို့ သိရပါတယ်။
ထိုင်းခရီးသွားဈေးကွက်မှာ တရုတ်ခရီးသွားတွေ အရေးပါသလို ရုရှားခရီးသွားတွေလည်း အရေးပါတဲ့နေရာက ရှိနေပါတယ်။ ၂၀၁၉ ခုနှစ်အတွင်း ထိုင်းနိုင်ငံကို လာရောက် လည်ပတ်တဲ့ ရုရှားခရီးသွား အရေအတွက်က ၁ ဒဿမ ၄၇ သန်းကျော် ရှိခဲ့ပါတယ်။
Ref: bangkokpost
You may also like these stories:
တနင်္သာရီတိုင်း ခရီးသွားကဏ္ဍ၌ ရင်းနှီးမြှုပ်နှံရန် ထိုင်း စိတ်ဝင်စားလျက်ရှိ
ထိုင်းမှာရှိတဲ့ ကြာနီကန်ကို ကမ္ဘာလှည့်ခရီးသွား အများအပြား လာရောက် လည်ပတ်