၂၀၁၉ ခုနှစ်ကုန်ဆုံးသွားတာနဲ့ နိုင်ငံအသီးသီးက ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်ပြီး စာရင်းတွေ ထုတ်ပြန်လာကြပါတယ်။
ထိုင်းနိုင်ငံနည်းတူ ဗီယက်နမ်နိုင်ငံကလည်း ခရီးသွားလုပ်ငန်းမှာ အောင်မြင်နေတဲ့ နိုင်ငံတနိုင်ငံပါ။ ၂၀၁၉ ခုနှစ်အတွင်း ဗီယက်နမ်နိုင်ငံကို လာရောက် လည်ပတ်ခဲ့ကြတဲ့ နိုင်ငံတကာ ခရီးသွား အရေအတွက်က ၁၈ သန်းကျော်ရှိခဲ့ပြီး အများဆုံး လာရောက်လည် ပတ်ကြတာကတော့ အာရှခရီးသွားတွေ ဖြစ်တယ်လို့ သိရပါတယ်။
ဗီယက်နမ် ခရီးသွားလုပ်ငန်းမှာ တရုတ် ခရီးသွားဈေးကွက်က အကြီးမားဆုံးဖြစ်ပြီး ၉ သန်းနီးပါး လာရောက် လည်ပတ်ခဲ့ကြပါတယ်။ ဒုတိယအများဆုံး လာရောက် လည်ပတ်တာကတော့ တောင်ကိုရီးယား ခရီးသွားတွေဖြစ်ပြီး ဂျပန် ခရီးသွားအရေအတွက်က တတိယနေရာက ရှိနေပါတယ်။
ဗီယက်နမ် ခရီးသွားလုပ်ငန်း ပိုမိုအောင်မြင်လာတဲ့ အကြောင်းအရင်းတွေထဲမှာ နိုင်ငံအချို့ကို ဗီဇာ ကင်းလွတ်ခွင့်ပြုခဲ့တဲ့ အချက်လည်း ပါဝင်ပါတယ်။ နိုင်ငံတကာ ခရီးသွားတွေအနေနဲ့ ဗီယက်နမ်နိုင်ငံကို အဓိက လည်ပတ်ရတဲ့ အကြောင်းရင်းကတော့ ယူနက်စကို အသိအမှတ်ပြု ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်တွေကြောင့်ပါ။
၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလအတွင်း အိုမန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ခရီးသွား ဆုပေးပွဲမှာလည်း ဘရာဇီး၊ တရုတ်၊ အီဂျစ်နဲ့ ဂရိနိုင်ငံတွေကို ကျော်လွန်ပြီး ဗီယက်နမ်နိုင်ငံက ဆုရရှိခဲ့ပါတယ်။ ခရီးသွားအရေအတွက် ၈၀ ရာခိုင်နှုန်းကတော့ လေကြောင်းခရီးနဲ့ လာရောက် လည်ပတ်တဲ့ ခရီးသွားတွေဖြစ်ပြီး ၂၀၁၈ ခုနှစ်ထက် ၁၅ ရာခိုင်နှုန်း ပိုမိုများပြားလာတယ်လို့ သိရပါတယ်။
၂၀၁၉ ခုနှစ်အတွင်း ဗီယက်နမ်နိုင်ငံကို လာရောက် လည်ပတ်ခဲ့တဲ့ ဥရောပ ခရီးသွား အရေအတွက် ၂ သန်းကျော်ရှိခဲ့ပြီး၊ ၂၀၁၈ ခုနှစ်ထက် ၆ ရာခိုင်နှုန်း ပိုမိုများပြားလာတယ်လို့ သိရပါတယ်။ ဗီယက်နမ်နိုင်ငံ အနေနဲ့ ရုရှား၊ တောင်ကိုရီးယား၊ ဂျပန်၊ ဒိန်းမတ်၊ နော်ဝေ၊ ဆွီဒင်၊ ဖင်လန်နဲ့ ဘီလာရုစ် နိုင်ငံတွေကို ၂၀၁၅ ခုနှစ်ကတည်းက ဗီဇာ ကင်းလွတ်ခွင့်ပြုခဲ့ပြီး ၂၀၂၀ ခုနှစ်အတွက်လည်း သက်တမ်း ထပ်မံတိုးပေးခဲ့ပါတယ်။
Ref: e.vnexpress
You may also like these stories:
ကမ္ဘာလှည့်ခရီးသွားတွေ အများဆုံး လည်ပတ်ကြတဲ့ ဗီယက်နမ်နိုင်ငံက မြို့များ
ဗီယက်နမ်နိုင်ငံမှာ ဖွင့်လှစ်လိုက်တဲ့ ဒုတိယမြောက်မှန်တံတား