နိုင်ငံတကာ ခရီးသွားတွေကြားမှာ ဘာလီကျွန်းဟာ ထင်ရှားတဲ့နေရာ တနေရာပါ။ လူဝင်လူထွက် များတဲ့အတွက်ကြောင့် ခရီးသွားတွေကို ဒေသခံတွေက အမျိုးမျိုးဆွဲဆောင်လေ့ ရှိကြပါတယ်။ အခုနောက်ဆုံး ခရီးသွားတွေကြား ရေပန်းစားလာတဲ့ကိစ္စကတော့ မျောက်တကောင်ကို ၇ ဒေါ်လာလောက်နဲ့ ရောင်းချနေကြတဲ့ ဒေသခံတွေရဲ့အကြောင်းပါ။
လူစည်ကားတဲ့ နေရာတွေမှာ ဒေသခံတွေက မျောက်တကောင်ကို ၇ ဒေါ်လာလောက်နဲ့ ရောင်းချနေကြပြီး မျောက်အများစုက ငယ်ရွယ်တဲ့ မျောက်ကလေးတွေပါ။ ဒါကြောင့်လည်း ခရီးသွားအများစုက မျောက်သားပေါက်ကလေးတွေကို ဝယ်ယူဖို့ ငြင်းဆန်လာကြတယ်လို့ သိရပါတယ်။
မျောက်သားပေါက်အများစုကို Denpasar နဲ့ Bandung ဈေးဧရိယာအတွင်းမှာ ရောင်းချလေ့ ရှိကြပါတယ်။ တကယ်တော့ ဒေသခံတွေရဲ့လုပ်ရပ်က ရက်စက်ကြမ်းကြုတ်တဲ့ အပြုအမူတွေပါပဲ။
အင်ဒိုနီးရှားဈေးကွက်ထဲမှာ အများဆုံးရောင်းချလေ့ရှိတဲ့ မျောက်သားပေါက်တွေကတော့ အမြီးရှည်တဲ့ Macaques မျောက်အမျိုးအစားတွေ ဖြစ်ကြတယ်လို့ Luke Massey က ပြောပါတယ်။ Massey ဟာ အင်ဒိုနီးရှားဈေးကွက်ထဲရောင်းချနေကြတဲ့ မျောက်သားပေါက်တွေကို ဓာတ်ပုံရိုက်ယူခဲ့သူ တယောက်လည်း ဖြစ်ပါတယ်။
တချို့တွေက မျောက်သားပေါက်တွေကို အိမ်မွေးတိရစ္ဆာန်အဖြစ် ဝယ်ယူကြပြီး တချို့တွေကတော့ ခိုင်းစားဖို့ ဝယ်ယူကြတယ်လို့ သိရပါတယ်။ ခိုင်းစားဖို့ ဝယ်ယူထားတဲ့ မျောက်တွေကိုတော့ ပိုင်ရှင်တွေက လေ့ကျင့်ပေးပြီး လေ့ကျင့်သား ပြည့်ဝသွားချိန်တွေမှာတော့ လူစည်ကားတဲ့ နေရာတွေမှာ ဖျော်ဖြေမှုတွေ ပြုလုပ်ပြီး ပိုက်ဆံတောင်းကြတယ်လို့ Massey က ပြောပါတယ်။
ဘာလီကျွန်းကို လာရောက် လည်ပတ်ကြတဲ့ ခရီးသွားအများစုကတော့ မျောက်သားပေါက်တွေကို ဝယ်ယူခြင်းက မျောက်တွေကို ကယ်တင်ရာရောက်တယ်လို့ ယူဆကြလေ့ ရှိပေမယ့် တကယ်တော့ ထင်သလောက်မလွယ်ဘူးလို့ Massey က ပြောပါတယ်။ အခုဆိုရင် နိုင်ငံတချို့မှာ တိရစ္ဆာန်တွေကို ခိုင်းစားပြီး ပိုက်ဆံရှာလေ့ရှိတဲ့ ခရီးသွားလုပ်ငန်းတွေကို ပိတ်ပင်လာကြပါတယ်။
Ref: news.com.au