၂၀၂၀ ခုနှစ်အတွက် ဗီဇာကင်းလွတ်ခွင့်နဲ့ နိုင်ငံအများဆုံးသွားနိုင်တဲ့ နိုင်ငံကူးလက်မှတ်စာရင်းတွေ ကို Henley နိုင်ငံကူးလက်မှတ်အညွှန်းကိန်းမှာ ဖော်ပြထားပါတယ်။ Henley နိုင်ငံကူးလက်မှတ် အညွှန်းကိန်းဆိုတာကတော့ နိုင်ငံအများဆုံးကို ဗီဇာကင်းလွတ်ခွင့်နဲ့ သွားရောက်နိုင်တဲ့ နိုင်ငံတွေ ရဲ့ စာရင်းကိုပြုစုပေးထားတဲ့ Website တခုပါ။
၂၀၂၀ ခုနှစ်စာရင်းတွေကို ပြုစုရာမှာတော့ Henley နိုင်ငံကူးလက်မှတ်အညွှန်းကိန်း Website အနေနဲ့ အပြည်ပြည်ဆိုင်ရာ လေကြောင်း သွားလာရေးအသင်းရဲ့ အချက်အလက်တွေပေါ်မှာ အခြေခံတယ်လို့ သိရပါတယ်။
၂၀၂၀ ခုနှစ်အတွက် နိုင်ငံအများစုကို ဗီဇာကင်းလွတ်ခွင့်နဲ့သွားရောက်နိုင်တဲ့စာရင်းမှာ အာရှနိုင်ငံ တွေဖြစ်တဲ့ ဂျပန်၊ စင်ကာပူနဲ့ တောင်ကိုရီးယားနိုင်ငံတွေက အစဉ်အလိုက်ရပ်တည်နေပါတယ်။ ဂျပန်နိုင်ငံကူး လက်မှတ်ကိုင်ဆောင်သူတွေ အနေနဲ့ နိုင်ငံပေါင်း ၁၉၁ နိုင်ငံကို ဗီဇာကြိုတင်လျှောက် ထားစရာမလိုဘဲ သွားရောက်နိုင်ပြီး ၃ နှစ်ဆက်တိုက် ထိပ်ဆုံးနေရာက ရှိနေပါတယ်။
စင်ကာပူနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူတွေအနေနဲ့ နိုင်ငံပေါင်း ၁၉၀ ကို ဗီဇာကြိုတင် လျှောက်ထားစရာ မလိုဘဲသွားရောက်နိုင်မှာဖြစ်ပြီး တောင်ကိုရီးယားနဲ့ ဂျာမနီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူတွေကတော့ နိုင်ငံပေါင်း ၁၈၉ နိုင်ငံကို ဗီဇာကင်းလွတ်ခွင့်နဲ့ သွားရောက်နိုင်မှာပဲ ဖြစ် ပါတယ်။
အဆင့်သတ်မှတ်ချက်အရ မလေးရှားနိုင်ငံက အဆင့် ၁၃ မှာရပ်တည်နိုင်ခဲ့ပြီး မနှစ်ကထက် အဆင့် သတ်မှတ်ချက် ကျဆင်း သွားခဲ့ပေမယ့် အာရှနိုင်ငံတွေထဲမှာတော့ စတုတ္ထနေရာက ရပ်တည်နိုင်ခဲ့ ပါတယ်။ မလေးရှားနိုင်ငံကူး လက်မှတ်ကိုင်ဆောင်သူတွေအနေနဲ့ နိုင်ငံပေါင်း ၁၇၈ နိုင်ငံကို ဗီဇာကင်းလွတ်ခွင့်နဲ့ သွားရောက်နိုင်ပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ ဗြိတိန်တို့ကတော့ အဆင့် ၈ နေရာမှာ ပူးတွဲရပ်တည်နေပြီး တရုတ်နိုင်ငံ က အဆင့် ၇၂ ၊ အိန္ဒိယနိုင်ငံက အဆင့် ၈၄ နေရာမှာ ရပ်တည်နေပါတယ်။ တရုတ်နိုင်ငံကူးလက် မှတ်ကိုင်ဆောင်သူတွေအနေနဲ့ နိုင်ငံပေါင်း ၇၁ နိုင်ငံကို ဗီဇာမလိုဘဲ သွားရောက်နိုင်မှာဖြစ်ပြီး အိန္ဒိယနိုင်ငံကတော့ နိုင်ငံပေါင်း ၅၈ နိုင်ငံကိုသွားရောက် နိုင်မှာပဲ ဖြစ်ပါတယ်။
နိုင်ငံအဆင့်သတ်မှတ်ချက်အရ အနိမ့်ဆုံးအဆင့်မှာရှိနေတာကတော့ အာဖဂန်နစ္စတန်နိုင်ငံဖြစ်ပြီး အဆင့် ၁၀၇ နေရာရပ်တည်နေသလို မြန်မာနိုင်ငံကတော့ အဆင့် ၉၅ နေရာမှာ ရပ်တည် နေပါတယ်။ အာဆီယံဒေသအတွင်း မှာဆိုရင်တော့ မြန်မာနိုင်ငံကူးလက်မှတ်က အဆင့်အနိမ့် ဆုံးနေရာမှ ရပ်တည်နေပါတယ်။
အဆင့်သတ်မှတ်ချက်အရ ၁ ကနေ ၁၀ အတွင်း ရပ်တည်နေတဲ့နိုင်ငံတွေကတော့ အောက်ပါအတိုင်းပါ။
(၁) ဂျပန်
(၂) စင်ကာပူ
(၃) တောင်ကိုရီးယား ၊ ဂျာမနီ
(၄) အီတလီ ၊ ဖင်လန်
(၅) စပိန် ၊ လူဇင်ဘတ် ၊ ဒိန်းမတ်
(၆) ဆွီဒင် ၊ ပြင်သစ်
(၇) ဆွစ်ဇာလန် ၊ ပေါ်တူဂီ ၊ နယ်သာလန် ၊ အိုင်ယာလန် ၊ သြစတြီးယား
(၈) အမေရိကန်ပြည်ထောင်စု ၊ ဗြိတိန် ၊ နော်ဝေ ၊ ဂရိ ၊ ဘယ်လ်ဂျီယမ်
(၉) နယူးဇီလန် ၊ မာလ်တာ ၊ ချက်သမ္မတနိုင်ငံ ၊ ကနေဒါ ၊ သြစတြေးလျ
(၁၀) ဆလိုဗက်ကီးယား ၊ လစ်သူယေးနီးယား ၊ ဟန်ဂေရီ တို့ဖြစ်ပါတယ်။
အဆင့်သတ်မှတ်ချက်အရ အဆင့် ၁၀၀ ကနေ ၁၀၇ အတွင်းရှိနေတဲ့ အနိမ့်ဆုံးနိုင်ငံတွေကတော့ အောက်ပါအတိုင်းပါ။
(၁) အာဖဂန်နစ္စတန် (၁၀၇)
(၂) အီရတ် (၁၀၆)
(၃) ဆီးရီးယား (၁၀၅)
(၄) ဆိုမာလီယာ ၊ ပါကစ္စတန် (၁၀၄)
(၅) ယီမင် (၁၀၃)
(၆) လစ်ဗျား (၁၀၂)
(၇) နီပေါ ၊ ပါလက်စတိုင်း (၁၀၁)
(၈) မြောက်ကိုရီးယား ၊ ဆူဒန် (၁၀၇) တို့ဖြစ်ပါတယ်။
Ref:sbs,scmp,consult-myanmar
You may also like these stories:
ဂျိုဆွန်းခေတ်က သွေးစုပ်ဖုတ်ကောင်တွေအကြောင်း ရိုက်ကူးထားတဲ့ ‘Rampant’ ရုပ်ရှင်
အာရှတိုက်ရဲ့ အင်္ဂလိပ် စကားပြောစွမ်းရည် အမြင့်ဆုံး နိုင်ငံများ
ကမ္ဘာ့သြဇာအကြီးဆုံး နိုင်ငံကူးလက်မှတ် ဖြစ်လာတဲ့ ဂျပန်နိုင်ငံရဲ့ Passport