အာရှနိုင်ငံတနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာ ၂၀၁၈ ခုနှစ်လောက်ကစပြီး ၁၅ မိနစ်တိုင်း အမျိုးသမီးတယောက် လိင်ပိုင်းဆိုင်ရာ စော်ကားခံနေရတယ်လို့ သိရပါတယ်။ အိန္ဒိယနိုင်ငံ ပြည်ထဲရေးဝန်ကြီး ဌာနရဲ့ ထုတ်ပြန်ချက်အရ ၂၀၁၈ ခုနှစ်အတွင်း အမျိုးသမီး ၃၄,၀၀၀ နီးပါး လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရပြီး အမှု အများဆုံးကို ဖြေရှင်းနိုင်ခြင်း မရှိခဲ့ပါဘူး။
ဒါကြောင့်လည်း အာရှနိုင်ငံတွေကို တကိုယ်တည်း လွတ်လွတ်လပ်လပ် လည်ပတ်ချင်တဲ့ အမျိုးသမီးတွေအတွက် လုံခြုံမှုက မရှိသလောက် ဖြစ်တဲ့အတွက် အိန္ဒိယနိုင်ငံကို ခရီးသွားလိုတဲ့ အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ နိုင်ငံအသီးသီးက ခရီးသွားလမ်းညွှန်တွေ ထုတ်ပေးခဲ့ရပါတယ်။
တကိုယ်တည်း ခရီးသွားလိုသူ အမျိုးသမီးတွေအတွက် အဓိက လိုအပ်ချက်ကတော့ လုံခြုံမှုပါ။ လုံခြုံမှု မရှိတဲ့အခါ လွတ်လပ်မှုဆိုတာလည်း ရှိမှာ မဟုတ်တဲ့အတွက် အမျိုးသမီးတွေအနေနဲ့ အထူးဂရုစိုက်သင့်ပါတယ်။
မြန်မာနိုင်ငံသား အများစုက အာရှဒေသတွေဆီ ခရီးထွက်လေ့ ရှိကြပါတယ်။ လူအများစုနဲ့ ခရီးသွားတာက လုံခြုံမှု ပိုရှိကောင်း ရှိနိုင်ပေမယ့် တကိုယ်တည်း ခရီးသွားချင်တဲ့ အမျိုးသမီးတွေ အတွက်တော့ လုံခြုံမှု ရှိတဲ့ အာရှဒေသတွေဆီ ခရီးထွက်ဖို့ အကြံပြုချင်ပါတယ်။ ဒါကြောင့်လည်း အာရှဒေသအတွင်း တကိုယ်တည်းခရီးသွားလိုတဲ့ အမျိုးသမီးတွေအနေနဲ့ ဘေးအန္တရာယ်ကင်းကင်း လည် ပတ်နိုင်မယ့် ဒေသတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) စင်ကာပူနိုင်ငံ
အာဆီယံနိုင်ငံတွေထဲ အပါအဝင်ဖြစ်တဲ့ စင်ကာပူနိုင်ငံဟာ အာရှဒေသမှာတင်မက ကမ္ဘာမှာလည်း စီးပွားရေးအရ အင်အားကြီး နိုင်ငံတနိုင်ငံပါ။ စင်ကာပူနိုင်ငံက ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို စင်ကာပူသား အများစုက လိုက်နာလေ့ ရှိကြပါတယ်။ ဒါကြောင့်လည်း အမျိုးသမီးတွေအနေနဲ့ စင်ကာပူနိုင်ငံကို ဘေးအန္တရာယ် ကင်းကင်း လည်ပတ်နိုင်ပါတယ်။
တကမ္ဘာလုံး အတိုင်းအတာနဲ့ ကြည့်မယ်ဆိုရင်လည်း စင်ကာပူနိုင်ငံဟာ အမှုအခင်း ဖြစ်ပွားမှုနှုန်း နည်းပါးတဲ့နိုင်ငံလည်း ဖြစ်ပါတယ်။ ညသန်းခေါင်အချိန် အမျိုးသမီးတယောက် လမ်းလျှောက်နေလို့လည်း ပြဿနာ မရှိဘဲ လုံလုံခြုံခြုံ လည်ပတ်နိုင်တဲ့အတွက် စင်ကာပူနိုင်ငံကို ပထမဦးစားပေးအနေနဲ့ ရွေးချယ်သင့်ပါတယ်။
(၂) ဟနွိုင်းမြို့ (ဗီယက်နမ်နိုင်ငံ)
ဗီယက်နမ်နိုင်ငံဟာ ခရီးသွားဧည့်သည်တွေကို ပျူပျူငှာငှာ ကြိုဆိုလေ့ရှိတဲ့အတွက် အရှေ့တောင် အာရှကို အလည်လာတဲ့ နိုင်ငံတကာခရီးသွားတွေ ဦးစားပေးရွေးချယ်လေ့ရှိတဲ့ နိုင်ငံတနိုင်ငံပါ။ ခရီးသွား အများစု သဘောတွေ့တဲ့ ဗီယက်နမ်နိုင်ငံရဲ့ မြို့ကတော့ ဟနွိုင်းမြို့ ဖြစ်ပါတယ်။
ပြင်သစ် ကိုလိုနီခေတ် အဆောက်အဦတွေနဲ့ ဗီယက်နမ်ရှေးဟောင်း ယဉ်ကျေးမှုအဆောက်အဦတွေကို တွေ့နိုင်သလို တကိုယ်တည်း ခရီးထွက်တဲ့ အမျိုးသမီးတွေအနေနဲ့ ဘေးအန္တရာယ်ကင်းကင်း လည်ပတ်နိုင်တဲ့ မြို့တမြို့ပါ။
ဒါကြောင့်က မြန်မာနိုင်ငံကနေ တကိုယ်တည်း ခရီးသွားလိုတဲ့ အမျိုးသမီးတွေအနေနဲ့ ဟနွိုင်းမြို့ကို လည်ပတ်သင့်ပါတယ်။ ဈေးနှုန်းအနေနဲ့ကလည်း အာရှဒေသတွေထဲမှာ ဗီယက်နမ်နိုင်ငံက အချိုသာဆုံးပါပဲ။
အထူးသတိထားသင့်တာကတော့ ဘာသာရေးဆိုင်ရာ နေရာတွေကို သွားရောက် လည်ပတ်တဲ့အခါမျိုးတွေမှာ ဝတ်စားဆင်ယင်မှုဖြစ်ပြီး ဓာတ်ပုံရိုက်ယူခွင့် ရှိ၊ မရှိကိုလည်း ဒေသခံတွေကို မေးမြန်းသင့်ပါတယ်။ ဒေသခံတွေရဲ့ အဖြေစကားကို နားထောင်ပြီးမှ ဓာတ်ပုံ ရိုက်သင့်၊ မရိုက်သင့် ဆုံးဖြတ်သင့်ပါတယ်။
ဟနွိုင်းမြို့ရဲ့ တချို့နေရာတွေဟာ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်နေရာတွေ ဖြစ်နေတဲ့အတွက် အဲဒီလိုနေရာမျိုးမှာ ဓာတ်ပုံရိုက်ခွင့် မရှိပါဘူး။ ဒီစည်းကမ်းချက်တွေကို လိုက်နာနိုင်ရင်တော့ တကိုယ်တည်း ခရီးထွက်လိုတဲ့ အမျိုးသမီးတွေအတွက် ပျော်စရာကောင်းတဲ့ ခရီးစဉ်တခုဖြစ်မှာ အမှန်ပါပဲ။
(၃) တိုကျိုမြို့ (ဂျပန်နိုင်ငံ)
ကမ္ဘာပေါ်မှာ လည်ပတ်သင်တဲ့မြို့တွေထဲ တိုကျိုမြို့လည်း ပါဝင်ပါတယ်။ တိုကျိုညစာဟာ ကမ္ဘာ့ အကောင်းဆုံး အစားအစာတွေထဲက တခုအပါအဝင် ဖြစ်သလို အမျိုးသမီးတွေအနေနဲ့ ညရေးညတာ အေးအေးဆေးဆေး လည်ပတ်နိုင်တဲ့ မြို့လည်း ဖြစ်ပါတယ်။
နောက်ထပ် ဘေးအန္တရာယ်ကင်းကင်း လည်ပတ်နိုင်တဲ့ အာရှဒေသတွေကတော့ သီရီလင်္ကာ၊ တောင်ကိုရီးယား၊ ဖိလစ်ပိုင်နိုင်ငံတို့ပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကနေ အာရှဒေသတွေဆီ အလည်အပတ် သွားချင်တဲ့ အမျိုးသမီးတွေအနေနဲ့ အခုဖော်ပြခဲ့တဲ့ ဒေသတွေကို ဦးစားပေးသင့်ပါတယ်။ ဒါမှလည်း ဘေးအန္တရာယ် ကင်းကင်း လည်ပတ်နိုင်မှာဖြစ်သလို ခရီးစဉ်အတွင်း ပျော်ရွှင်မှုကို ရရှိနိုင်မှာပဲ ဖြစ်ပါတယ်။
Ref: lonelyplanet
You may also like these stories:
ခရီးသွားတဲ့အခါ ကျန်းမာရေးအတွက် မဖြစ်မနေ ဆောင်သွားသင့်တဲ့ ဆေးဝါးများ
ခရီးသွားတွေအတွက် သက်သတ်လွတ် စားရလွယ်တဲ့ မြို့များ
အိန္ဒိယနိုင်ငံဟာ အမျိုးသမီး ခရီးသွားတွေအတွက် မလုံခြုံကြောင်း အမေရိကန်နဲ့ အင်္ဂလန် ထုတ်ပြန်