၂၀၂၀ ခုနှစ်ဟာ နီပေါနိုင်ငံရဲ့ ခရီးသွားနှစ်ဖြစ်တဲ့အတွက်ကြောင့် ကြယ် ၅ ပွင့်အဆင့်ရှိတဲ့ ဟိုတယ်ကြီးတွေ တိုးချဲ့ဆောက်လုပ်နေသလို လေဆိပ်တွေလည်း တိုးချဲ့ဆောက်လုပ်နေပါတယ်။ Gautham Buddha (သို့မဟုတ်) Bhairahawa လို့ခေါ်တဲ့ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီး ကလည်း နောက်လာမယ့် ၃ လ၊ ၄ လအတွင်း ပြီးစီးဖို့ ရှိနေပါတယ်။
လေဆိပ်ပြီးသွားရင်တော့ နိုင်ငံတကာခရီးသွားတွေအနေနဲ့ နီပေါနိုင်ငံကို ပိုမိုလာရောက်ဖို့ ရှိနေပြီး အထူးသဖြင့်ကတော့ ထိုင်းနိုင်ငံသားတွေ ပိုမိုလာရောက်ဖွယ် ရှိနေပါတယ်။
ထိုင်းနိုင်ငံဟာ ဗုဒ္ဓဘာသာနိုင်ငံဖြစ်တာနဲ့အညီ ထိုင်းခရီးသွားတွေ အဓိက လည်ပတ်ကြမယ့်နေရာကတော့ ဘုရားလောင်း သိဒ္ဓတ္ထ ဖွားမြင်ရာနေရာဖြစ်တဲ့ လုမ္ဗိနီအင်ကြင်းဥယျာဉ် ဖြစ်တယ်လို့ နီပေါခရီးသွား လုပ်ငန်းဘုတ်အဖွဲ့ရဲ့ စီနီယာမန်နေဂျာ လိုင်လာဗဟာဒူးဘန်နီယာက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်ကလည်း လုမ္ဗိနီအင်ကြင်းဥယျာဉ်ကို လာရောက် လည်ပတ်ခဲ့တဲ့ ထိုင်းခရီးသွား ဧည့်သည် အရေအတွက် ၂၅,၀၀၀ နီးပါးရှိခဲ့တယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာရှိတဲ့ နီပေါ သံရုံးကလည်း နီပေါနိုင်ငံနဲ့ ထိုင်းနိုင်ငံအကြား ခရီးသွားလုပ်ငန်းကို မြင့်တင်လိုတဲ့ဆန္ဒ ရှိနေပါတယ်။
နီပေါနိုင်ငံ ယဉ်ကျေးမှု၊ ခရီးသွားလာရေးလုပ်ငန်းနဲ့ မြို့ပြလေကြောင်းလိုင်းဆိုင်ရာ ဝန်ကြီး Yogesh Bhattarai ကလည်း ၂၀၂၀ ခုနှစ်ကို နီပေါခရီးသွားနှစ်အဖြစ် သတ်မှတ်ရတာနဲ့ ပတ်သက်ပြီး အခုလိုပဲ ပြောပါတယ်။
“ခရီးသွားလုပ်ငန်းဟာ နီပေါနိုင်ငံစီးပွားရေးအတွက် အဓိကကျတဲ့ သော့ချက်တခုပါပဲ။ နီပေါနိုင်ငံအနေနဲ့ နိုင်ငံခြားခရီးသွားဝင်ရောက်မှုကို ၁၉၅၁ ခုနှစ်ကတည်းက ခွင့်ပြုပေးခဲ့ပါတယ်။ ဆယ်စုနှစ် ၆ ခုလောက်ကြာပြီးတဲ့နောက်မှာတော့ ခရီးသွားလုပ်ငန်းအပိုင်းမှာ ကြီးမားတဲ့ အောင်မြင်မှုတွေ ရရှိခဲ့တဲ့အတွက် အစိုးရအနေနဲ့ ခရီးသွားလုပ်ငန်းကို တိုင်းပြည်စီးပွားရေးရဲ့ အချက်အခြာကျတဲ့ အစိတ်အပိုင်းအဖြစ် သဘောထားပါတယ်။ ဒါဟာ ၂၀၂၀ ခုနှစ်ကို နီပေါခရီးသွားနှစ်အဖြစ် သတ်မှတ်ရတဲ့ အကြောင်းရင်းပါပဲ”လို့ ဝန်ကြီး Yogesh Bhattarai က ပြောဆိုခဲ့ပါတယ်။
နီပေါနိုင်ငံကို လာရောက်လည်ပတ်တဲ့ နိုင်ငံခြားခရီးသွားတွေအနေနဲ့ တရက်ကို ပျမ်းမျှ ၄၄ ဒေါ်လာ ကုန်ကျရာကနေ နီပေါအစိုးရက ဒေါ်လာ ၈၀ လောက်သုံးနိုင်အောင် အစီအစဉ် ချမှတ်နေတယ်လို့ သိရပါတယ်။
၂၀၂၀ ခုနှစ်အတွင်း နီပေါနိုင်ငံကို နိုင်ငံတကာခရီးသွားပေါင်း ၂ သန်းလာရောက်ဖို့ မျှော်လင့်ထားပါတယ်။ ၂၀၁၉ ခုနှစ်အတွင်း နီပေါနိုင်ငံကို အများဆုံးလာရောက်တဲ့ ခရီးသွားတွေကတော့ အိန္ဒိယနိုင်ငံကဖြစ်ပြီး ဒုတိယကတော့ တရုတ်နိုင်ငံက ဖြစ်ပါတယ်။
Ref. Bangkokpost
You may also like these stories:
ဇန်နဝါရီလအတွင်း ဈေးနှုန်း ချိုချိုသာသာနဲ့ လည်ပတ်နိုင်တဲ့ နိုင်ငံများ
နီပေါနိုင်ငံက ကာလီမယ်တော် ပွဲတော်မှာ တိရစ္ဆာန်တွေနဲ့ ယစ်ပူဇော်
နိုင်ငံတကာခရီးသွားတွေ သဘောကျနှစ်ခြိုက်တဲ့ အာရှတိုက်ရဲ့ နေရာများ