၂၀၁၉ ခုနှစ်အတွင်း ဟောင်ကောင်မှာ ဆန္ဒပြပွဲတွေ အကြီးအကျယ် ဖြစ်ပွားခဲ့ပါတယ်။ ဆန္ဒပြပွဲအတွင်း လူသေဆုံးမှုတွေလည်း ဖြစ်ပွားခဲ့ပါတယ်။ ဆန္ဒပြပွဲဖြစ်ပွားရတဲ့ အကြောင်းကတော့ တရုတ်ပြည်မကြီးကို တရားခံလွှဲပြောင်းပေးရေး ဥပဒေကြမ်းကို ကန့်ကွက်ရာကနေ စတင်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
ဒီလို ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့တဲ့ အကြောင်းကြောင့်လည်း ၂၀၁၉ ခုနှစ်အတွင်း တရုတ်ပြည်မကြီးကနေ ဟောင်ကောင်ကို လာရောက်လည်ပတ်တဲ့ ခရီးသွားအရေအတွက်နဲ့ ညအိပ်နေတဲ့ ခရီးသွားအရေ အတွက်က ၁၄ ဒဿမ ၂ သန်း လျော့ကျသွားခဲ့ပါတယ်။
၂၀၁၈ အတွင်း တရုတ်ပြည်မကြီးကနေ ဟောင်ကောင်ကို လာရောက် လည်ပတ်တဲ့ ခရီးသွား အရေအတွက်က ၆၅ ဒဿမ ၁၅ သန်းရှိခဲ့ပေမယ့် ၂၀၁၉ ခုနှစ်မှာတော့ ၅၅ ဒဿမ ၉ သန်းသာ ရှိခဲ့ပါတယ်။
ပုံမှန် အချိန်တွေမှာတော့ ဟောင်ကောင်ကို လာရောက်တဲ့ ခရီးသွားအများစုဟာ ညအိပ်နေလေ့ ရှိပေမယ့် ၂၀၁၉ ခုနှစ်အတွင်းမှာတော့ ညအိပ်တည်းခိုတဲ့ ခရီးသွား အရေအတွက်က ၁၈ ဒဿမ ၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ ဒါကြောင့် ဝင်ငွေ ၂၃ ဒဿမ ၇၆ သန်း ဆုံးရှုံးခဲ့ရတယ်လို့ ဟောင်ကောင်ခရီးသွားလာရေးဘုတ်အဖွဲ့က ပြောပါတယ်။
၂၀၁၉ ခုနှစ်ကုန်ဆုံးလို့ ၂၀၂၀ ရောက်လာပေမယ့်လည်း ဟောင်ကောင်မှာ နိုင်ငံရေး မငြိမ်သက်မှုနဲ့ ပတ်သက်တဲ့ သတင်းတွေ ဆက်လက် ထွက်ပေါ်နေတုန်းပါပဲ။ ဟောင်ကောင် ခရီးသွားလာရေး ဘုတ်အဖွဲ့ရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ Pang Yiu-Kai က အခုလို ဆိုပါတယ်။
“၂၀၁၉ ခုနှစ်အတွင်း ဟောင်ကောင် ခရီးသွားလုပ်ငန်းဟာ ထူးခြားတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ခဲ့ရပေမယ့် ကျနော်တို့ရဲ့ သည်းခံနိုင်စွမ်းနဲ့ ကမ္ဘာကြီးကို ပြန်လည် ဆွဲဆောင်သွားဖို့ ရှိပါတယ်။ ဒါကြောင့်လည်း ဟောင်ကောင်ပုံရိပ်ကို ပြန်လည် တည်ဆောက်နိုင်ဖို့နဲ့ ခရီးသွားလုပ်ငန်း ပြန်လည် ကောင်းမွန်လာဖို့ အစွန်းကုန် ကြိုးစားဆောင်ရွက်နေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
ဟောင်ကောင် ခရီးသွားလုပ်ငန်း ပြန်လည်ကောင်းမွန်လာဖို့ အွန်လိုင်းပလက်ဖောင်းဖြစ်တဲ့ “Hong Kong is On”လို့ နာမည်ပေးထားတဲ့ အွန်လိုင်းခရီးသွားလုပ်ငန်းအကြောင်းကိုလည်း သူက ညွှန်းဆိုခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလက စတင်ခဲ့တဲ့ ဒီအွန်လိုင်းပလက်ဖောင်းကနေ လေယာဉ်ခရီးစဉ်၊ ဟိုတယ် စတာတွေအတွက် ကြိုတင် ကမ်းလှမ်းမှုပေါင်း ၅၀၀ ကျော်ရခဲ့တယ်လို့ သူက ပြောပါတယ်။
အွန်လိုင်း ပလက်ဖောင်းတွေကနေ ကြိုးစားနေသလို ဟောင်ကောင် ခရီးသွားလာရေဘုတ်အဖွဲ့ရဲ့ ကြိုးစားမှုတွေကြောင့် ၂၀၂၀ ခုနှစ်အတွင်း ဟောင်ကောင် ခရီးသွားလုပ်ငန်း တိုးတက်လာမလားဆိုတာ ဆက်လက် စောင့်ကြည့်ရပါလိမ့်မယ်။
Ref: scmp
You may also like these stories:
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိုင်းနဲ့ မြန်မာကို လာရောက်တဲ့ တရုတ်ခရီးသွားများအား စောင့်ကြည့်နေရ
၂၀၂၀ တရုတ်နှစ်သစ်ကူးကာလအတွင်း တရုတ် ခရီးသွားပေါင်း သန်း ၄၅၀ ရှိလာနိုင်
၂၀၁၉ ခုနှစ်အတွင်း နိုင်ငံတကာမှာ တရုတ်ခရီးသွားတွေ ကျူးလွန်ခဲ့ကြတဲ့ ပြစ်မှုများ