လာအိုနိုင်ငံအနေနဲ့ လေကြောင်းလိုင်းတွေကို တိုးချဲ့ပျံသန်းနေပြီး အဓိက တိုးချဲ့လာတဲ့ လေကြောင်းလိုင်းကတော့ မြို့တော် ဗီယင်ကျန်းနဲ့ လောင်ပရာဘမ်မြို့ကနေ တခြားနိုင်ငံတွေကို တိုက်ရိုက် ပြေးဆွဲလာတာပါ။
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက်နေ့မှာ Lucky Air လေကြောင်းလိုင်းက တရုတ်နိုင်ငံတောင်ပိုင်းမြို့ ဖြစ်တဲ့ ကူမင်းမြို့ကနေ လာအိုနိုင်ငံ ဗီယင်ကျန်းနဲ့ လောင်ပရာဘမ်မြို့ကို တိုက်ရိုက် ပျံသန်းခဲ့ပါတယ်။ ဒီလေကြောင်းခရီးစဉ်ဟာ တန်ဖိုးနည်း လေကြောင်းခရီးစဉ် ဖြစ်တဲ့အတွက် လာအိုနိုင်ငံသားတွေ အတွက်တော့ အဆင်ပြေတဲ့ လေကြောင်းခရီးစဉ်တခုပါ။
တရုတ်နိုင်ငံနဲ့ လာအိုနိုင်ငံအကြား တိုက်ရိုက် လေကြောင်းခရီးစဉ် ပြေးဆွဲပြီးတဲ့နောက်မှာတော့ တောင်ကိုရီးယား – လာအို တိုက်ရိုက် ပြေးဆွဲခဲ့ပြန်ပါတယ်။ တောင်ကိုရီးယား – လာအို တိုက်ရိုက် ခရီးစဉ်ကိုတော့ T’way Air လေကြောင်းလိုင်းက ပြေးဆွဲခဲ့တာဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံ၊ Daegu မြို့နဲ့ လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့ကို တိုက်ရိုက် ပြေးဆွဲနေတာပဲ ဖြစ်ပါတယ်။
၂၀၁၉ ခုနှစ်၊ ဧပြီလအတွင်းမှာတော့ စင်ကာပူ တန်ဖိုးနည်း လေကြောင်းလိုင်း တလိုင်းဖြစ်တဲ့ Scoot လေ ကြောင်းလိုင်းက စင်ကာပူနဲ့ ဗီယင်ကျန်း၊ လောင်ပရာဘမ်မြို့အကြား တိုက်ရိုက် ပြေးဆွဲခဲ့ပါသေးတယ်။
အိမ်နီးချင်းနိုင်ငံတွေနဲ့ ယှဉ်ကြည့်ရင် လာအိုနိုင်ငံကို လာရောက်တဲ့ နိုင်ငံတကာခရီးသွား အရေအတွက်က နည်းပါးနေပါသေးတယ်။ လာအိုနိုင်ငံကို ခရီးသွားတွေအနေနဲ့ အဓိက လည်ပတ်ကြတဲ့မြို့တွေကတော့ ဗီယင်ကျန်းနဲ့ လောင်ပရာဘမ်မြို့တို့ပါ။ ဒါကြောင့်လည်း ခရီးသွားတွေ အဓိက လာရောက်ကြတဲ့ မြို့တွေကို လေကြောင်းလိုင်းတွေ တိုးချဲ့ပျံသန်းနေတာပဲ ဖြစ်ပါတယ်။
အခုဆိုရင်တော့ လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့နဲ့ ကမ္ဘောဒီးယား၊ ဂျပန်၊ မလေးရှား၊ ဗီယက်နမ်၊ တောင်ကိုရီးယား၊ တရုတ်စတဲ့ နိုင်ငံတွေနဲ့ လေကြောင်း တိုက်ရိုက်ပျံသန်းနေတယ်လို့ သိရပါတယ်။
၂၀၁၉ ခုနှစ်အတွင်း လာအိုနိုင်ငံကို လာရောက် လည်ပတ်တဲ့ နိုင်ငံတကာ ခရီးသွား အရေအတွက်က ၄ ဒဿမ ၅ သန်း ရှိခဲ့ပါတယ်။ လာအိုနိုင်ငံကို အဓိက လာရောက် လည်ပတ်သူတွေကတော့ တရုတ်ခရီးသွားတွေဖြစ်ပြီး ၁ သန်းကျော် လာရောက် လည်ပတ်ခဲ့ပါတယ်။
လာအိုနိုင်ငံဟာ မြန်မာ၊ တရုတ်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ထိုင်းနိုင်ငံတို့နဲ့ ထိစပ်နေတဲ့ နိုင်ငံဖြစ်ပြီး ၁၉၄၉ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့မှာ ပြင်သစ်အုပ်ချုပ်မှုကနေ လွတ်လပ်ရေး ရရှိခဲ့ပါတယ်။
Ref: 12go.asia
ကမ္ဘာ့အကြာဆုံး လေယာဉ်ခရီးစဉ်များ စမ်းသပ်ပျံသန်းမယ့် လေကြောင်းလိုင်း
MAI လေကြောင်းလိုင်း တရုတ်သို့ ပျံမည်
“လေကြောင်း စီးပွားရေးဆိုတာ ထိလွယ်ရှလွယ်တဲ့ စီးပွားရေးဖြစ်တယ်”