အာဆီယံ ခရီးသွားလုပ်ငန်းဖိုရမ် ၂၀၂၀ ကို ဇန်နဝါရီ ၁၂ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ဘရူနိုင်းဒါရုဆလမ်နိုင်ငံ၊ ဘန်ဒါဆီရီဘီဂါဝန်မြို့မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ အဲဒီဖိုရမ်ကို မြန်မာနိုင်ငံ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်နဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါတယ်။
အာဆီယံ ခရီးသွားလုပ်ငန်းဖိုရမ်မှာ အာဆီယံ ခရီးသွားပြပွဲကိုလည်း ပူးတွဲ ကျင်းပခဲ့ပါတယ်။ အဲဒီ ပြပွဲမှာတော့ မြန်မာနိုင်ငံက ခရီးစဉ်ဒေသတွေ မြှင့်တင်ရေး ကြော်ငြာပြခန်း ပါဝင်ခဲ့သလို အာဆီယံအဖွဲ့ဝင် နိုင်ငံတွေရဲ့ ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်တဲ့ ပြပွဲတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
နိုင်ငံတကာ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်း ဆောင်ရွက်နေကြတဲ့ ကုမ္ပဏီတွေရဲ့ ခရီးစဉ် ရောင်းဝယ် ဖောက်ကားနေမှု အခြေအနေတွေလည်း ဒီပြပွဲမှာ ပါဝင်ခဲ့ပါတယ်။
မြန်မာနိုင်ငံအနေနဲ့လည်း ခရီးသွားလုပ်ငန်းကဏ္ဍကို တိုးတက်အောင် ဆောင်ရွက်လာနေတာ တွေ့ရပါတယ်။ ဝန်ကြီးအဆင့် တွေ့ဆုံဆွေးနွေးပွဲမှာ မြန်မာနိုင်ငံအနေနဲ့ ဆက်လက် ဆောင်ရွက်မယ့် Digital နည်းပညာအခြေခံ ခရီးသွား လုပ်ငန်းမြှင့်တင်ရေးလုပ်ငန်းနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
အာဆီယံခရီးသွားလုပ်ငန်းဖိုရမ် ၂၀၂၀ အတွက် မြန်မာနိုင်ငံက ရရှိခဲ့တဲ့ဆုတွေကတော့ ASEAN Green Hotel ဆု ၅ ဆု ၊ ASEAN Clean Tourist City ဆု ၃ ဆု ၊ ASEAN Sustainable Tourism ဆု ၂ ဆု နဲ့ ASEAN MICE Venue ဆု ၂ ဆုတို့ပဲ ဖြစ်ပါတယ်။
ASEAN Green Hotel ဆုကို နေပြည်တော်မှာရှိတဲ့ Thingaha ဟိုတယ်၊ Hilton ဟိုတယ်၊ M Gallery ဟိုတယ်နဲ့ မန္တလေးက Yandabon ဟိုတယ် ၊ ရှမ်းပြည်နယ်က Sanctum Inle Resort က ရရှိခဲ့ပါတယ်။
ASEAN Clean Tourist City ဆုကိုတော့ လွိုင်ကော်၊ ထားဝယ်နဲ့ တောင်ကြီးမြို့က ရရှိခဲ့ပြီး ASEAN Sustainable Tourism ဆုကိုတော့ မြိတ်မြို့က ရရှိခဲ့ပါတယ်။ ASEAN MICE Venue ဆုကို ရန်ကုန်မြို့က Wyndham Grand Yangon Hotel နဲ့ နေပြည်တော်က M Gallery Hotel က ရရှိခဲ့တယ်လို့ သိရပါတယ်။
အာဆီယံ ခရီးသွားလုပ်ငန်း ဖိုရမ် ၂၀၂၁ ကိုတော့ ကမ္ဘောဒီးယားနိုင်ငံ၊ ဆီရမ်ရိမြို့မှာ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၁၇ ရက်ကနေ ၂၃ နေ့အထိ ကျင်းပသွားမယ်လို့ သိရပါတယ်။
You may also like these stories:
လေကြောင်းလိုင်းများ တိုးချဲ့ပျံသန်းလာတဲ့ လာအိုနိုင်ငံ
၂၀၁၉ ခုနှစ်အတွင်း ထိုင်ဝမ်ကို ခရီးသွား ၁၁ ဒဿမ ၈၄ သန်း လာရောက်ခဲ့
တကိုယ်တော် အမျိုးသမီး ခရီးသွားတွေ အန္တရာယ်ကင်းကင်း လည်ပတ်နိုင်တဲ့ အာရှဒေသများ