Travel

ကယား၂ မြို့နယ် နိုင်ငံခြားသား အကန့်အသတ်မရှိ သွားလာနိုင်ရန် ဖြေလျှော့ပေး

Want create site? Find Free WordPress Themes and plugins.

ကယားပြည်နယ်ရှိ ယခင်က ကန့်သတ်နယ်မြေ အဖြစ် သတ်မှတ်ထားသော မြို့နယ်၂ ခုကို ယခုလဆန်းပိုင်းမှ စ၍ ဖြေ လျှော့ပေးလိုက်ကြောင်း ဇန်နဝါရီလ၂၂ ရက်တွင် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။

ယခုနှစ် ဇန်နဝါရီလအတွင်းက ကျင်းပသည့် ကယားပြည်နယ်နေ့ အထိမ်းအမှတ်အနေဖြင့် ဒီးမော့ဆိုမြို့နယ် ဒေါတမကြီး ကျေးရွာနှင့် ဖရူဆိုမြို့နယ် ထေခိုကျေးရွာများကို ဖြေလျှော့ပေးလိုက်ခြင်း ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန် ကြီးဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။

၎င်းက “အရင်ထဲက ဒီကျေးရွာတွေက လူထုအခြေပြု ခရီးသွားလုပ်ငန်း (CBT) လုပ်ငန်းတွေ ရှိတယ်။ ဒီမှာ ဒေါတမကြီးနဲ့ ထေခိုက ပါတယ်။ ဒါပေမယ့် အဲဒီနေရာတွေကို သွားချင်ရင် န်ိုင်ငံခြားသားတွေအနေနဲ့ ကြိုတင် ခွင့်ပြုချက်တင်ပြီး ခွင့်ပြု ချက်ကျမှ သွားနိုင်တယ်။ အခုကတော့ ဒီနေရာ ၂ ခုကိုတော့ ခွင့်ပြုချက် တောင်းစရာ မလိုတော့ဘူးလို့ ထုတ်ပြန်တာ ဖြစ် တယ်”ဟု ဧရာဝတီသို့ ပြောသည်။

သို့သော် နိုင်ငံခြားသားများ၏ လမ်းခရီး လုံခြုံရေးအတွက် ပြည်ထဲရေး ဝန်ကြီးဌာနနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့ထံသို့ တောင်းခံ ဆောင်ရွက်နိုင်ကြောင်း ၎င်းက ရှင်းပြသည်။

မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များ အသင်း ဥက္ကဋ္ဌ ဦးအောင်လင်းထွန်းက “အရင်က ဒီဒေသတွေ လည်ခွင့်တော့ ပြုပေမယ့် အထူးပါမစ် ယူရတယ်။ အများဆုံး ၁ ပတ်၊ အနည်းဆုံး ၃ ရက်လောက် ကြိုတင်ပြီး ယူရတယ်။ ထေခိုတို့ ဒေါတမကြီး ကျေးရွာတို့ကျတော့ ကားနဲ့လည်း နည်းနည်းလှမ်းတယ်။ ဒီးမော့ဆိုမြို့နယ်ကနေ ဆိုရင် မိုင် ၁၀၀ လောက်ထိသွား ရ တယ်။ အရင်ကတော့ ခွင့်ပြုချက် လိုတယ်၊ အခုက ဖြုတ်လိုက်တာ ကောင်းပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ခရီးစဉ်လမ်းကြောင်း ရေးဆွဲရာတွင် ဒေါတမကြီးတို့ ထေခိုကျေးရွာတို့ မပါခဲ့လျှင်လည်း ခွင့်ပြုချက် တောင်းခံစရာ မလို သဖြင့် အချိန်ကြန့်ကြာခြင်း မရှိဘဲ သွားလာနိုင်ကြောင်းလည်း ၎င်းက ဆိုသည်။

ဦးအောင်လင်းထွန်းက ဆက်လက်၍ “တချို့က ခရီးစဉ်ထဲ မပါပေမယ့် အဲဒီရောက်မှ သွားချင်တာတွေ ရှိတယ်။ အရင်က ခွင့်ပြုချက် တောင်းတော့ အချိန် မလုံလောက်တဲ့ အခက်အခဲ ရှိတယ်။ အခုကျတော့ ခရီးသွားဧည့်သည်အနေနဲ့ လွတ် လွတ်လပ်လပ် ခရီးစရိတ် ထပ်ဆောင်းပြီး သွားလို့ ရတာပေါ့။ ဒီဒေသတွေကို ပုံမှန်က ဥရောပ ခရီးသွား အများဆုံး သွား ကြတယ်” ဟု ရှင်းပြသည်။

ကမာ္ဘလှည့် ခရီးသွားများအနေနှင့် ပြင်သစ်၊ ဂျာမန်၊ အီတလီနှင့် ဥရောပ ခရီးသွားများ အများဆုံး သွားလေ့ရှိကြောင်း အာရှခရီးသည်များက ယင်းဒေသများသို့ သွားရောက်မှု နည်းပါးကြောင်း ၎င်းက ပြောဆိုသည်။

ယခင်က ကယားပြည်နယ်သို့ လည်ပတ်ချင်သော နိုင်ငံခြားသားများ အနေနှင့် လွိုင်ကော်မြို့၏ သမိုင်းဝင် နေရာများ၊ ခရစ် ယာန် ဘုရားကျောင်းများ၊ ဈေးများ၊ လွယ်တမှုဂူ၊ ဒီးမော့ဆိုးနှင့် ဖရူဆို စသည့် မြို့နယ်များ၏ မြို့တွင်း နေရာများတွင် လွတ်လပ်စွာ လည်ပတ်နိုင်ကြောင်း သိရသည်။

လက်ရှိတွင် ကယားပြည်နယ်၏ ခရီးစဉ် ဒေသများ ဖြေလျှော့ပေးခြင်းအပြင် ခရီးသွားများလည်း နောက်ပိုင်းတွင် ပိုမို ဝင်ရောက်စေရန် အတွက် လုပ်ဆောင်သွားရန် ရှိနေပြီး၊ ထိုင်းနိုင်ငံ မယ့်ဟောင်ဆောင်နှင့် ကယားပြည်နယ် မယ်စဲ့မြို့ကို ဆက်သွယ်ထားသည့် နယ်စပ်ကုန်သွယ်ရေး BP-13 ဂိတ်ကိုလည်း အပြည်ပြည်ဆိုင်ရာ နယ်စပ်ဂိတ်အဖြစ် တရားဝင် ဖွင့် လှစ်နိုင်ရေးအတွက်၂ နိုင်ငံ ညှိနှိုင်းနေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန (လွိုင်ကော်) ရုံးခွဲက သိရသည်။

ထို့ပြင် ကယားပြည်နယ် မယ်စဲ့မြို့နယ်၊ ဟိုဂျစ်ကျေးရွာအုပ်စု ကျိုက်ထီးရိုးစေတီအနီးရှိ သဘာဝ အတိုင်း ဖြစ်ပေါ်နေသည့် မြေနန်းတော် (ခေါ်) နတ်တောင်ကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလအတွင်းက ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးလာစေရေး စီစဉ်ပေးရန် ရှိ၊ မရှိ ပြည်သူ့လွှတ်တော် အစည်းဝေး၌ မယ်စဲ့ မဲဆန္ဒနယ်မှ ဦးသန်းလင်းလင်းက မေးမြန်းရာတွင် ဟိုတယ်နှင့် ခရီး ဒု ဝန်ကြီး ဦးတင်လတ်က ဒီဇင်ဘာလ၌ ထိုဒေသကို ခရီးစဉ် ဒေသတခု အဖြစ် လုပ်ဆောင်ရန် ရှိကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

ကယားပြည်နယ်သို့ နှစ်စဉ် ပျမ်းမျှ ပြည်တွင်း၊ ပြည်ပ ခရီးသွားဦးရေ ၁ သိန်း နီးပါး ဝင်ရောက်ကြောင်းလည်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန (လွိုင်ကော်) ရုံးခွဲက သိရသည်။

ဆက်စပ်ဖတ်ရှုရန်

ဧည့်သည်လာလျှင် ပျော်နေတတ်သော ကယား တို့မြေ

ကယားရှိ ထီးပရူနူဂူကို ခရီးသွားဒေသသစ်အဖြစ် အကောင်ထည်ဖော်မည်

Did you find apk for android? You can find new Free Android Games and apps.
Loading