ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဟာ ရပ်တန့် မသွားဘဲ ဆက်လက်ပြီ းကြီးထွားလာနေပါတယ်။ အခုဆိုရင်တော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရသူတွေကို တရုတ်တနိုင်ငံတည်း မဟုတ်တော့ဘဲ အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်း၊ မကာအို၊ ထိုင်ဝမ်၊ စင်ကာပူ၊ ဗီယက်နမ်နဲ့ ဟောင်ကောင်တို့မှာပါ တွေ့ရှိ လာနေပါပြီ။ ဒါကြောင့်လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုက ပိုပြီး မြန်ဆန်လာနေတာကို တွေ့ရပါတယ်။
ဒီကနေ့ မနက်ခင်းပိုင်း တရုတ်သတင်းတွေရဲ့ဖော်ပြချက်အရ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၅ ဦးအထိရှိလာပြီး ရောဂါ ကူးစက်ခံရသူပေါင်း ၈၃၅ ယောက်နဲ့ ရောဂါ ကူးစက်ခံရတယ်လို့ သံသယရှိထားသူ ၁၀၇၂ ယောက်ရှိတယ်လို့ သိရပါတယ်။ ဒါကြောင့်လည်း တရုတ်အစိုးရက တရုတ်နိုင်ငံ အလယ်ပိုင်း ဟူဘေးပြည်နယ်က မြို့ ၁၀ မြို့ကို ခရီးသွားလာခွင့် ပိတ်ပင်လိုက်ပါတယ်။
ဟောင်ကောင်နဲ့ ဘေကျင်းမှာလည်း နဂိုမူလက စီစဉ်ထားခဲ့တဲ့ တရုတ်နှစ်သစ်ကူးပွဲတော် ကျင်းပမယ့် အစီအစဉ်တွေကို ဒေသခံအာဏာပိုင်တွေက ပယ်ဖျက်လိုက်ပါတယ်။
စင်ကာပူ၊ ထိုင်ဝမ်၊ မလေးရှားနိုင်ငံ လေကြောင်းလိုင်းတွေကလည်း ရောဂါ စတင်ဖြစ်ပွားရာ ဝူဟန်မြို့တော်ကို လေယာဉ်ပျံသန်းခွင့် ပိတ်လိုက်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံကလည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ခရီးသွား ဝင်ရောက်ခွင့်ကို ယာယီ ပိတ်ပင်ထားပါတယ်။
အခုဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေလို့ သတ်မှတ်ရအောင် စံချိန်စံညွှန်း မပြည့်မီဘူးလို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီကြေညာချက် ထုတ်ပြန်ပြီး မကြာခင်မှာဘဲ သေဆုံးသူ အရေအတွက်နဲ့ ရောဂါ ကူးစက်မှုနှုန်း ပိုမိုမြင့်မားလာခဲ့တယ်လို့ တရုတ်အစိုးရက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
နှစ်သစ်ကူးကာလအတွင်း သန်းပေါင်းများစွာသော တရုတ်လူမျိုးတွေ ခရီးသွားဖို့ ရှိနေပါတယ်။ ဒါကြောင့်လည်း တရုတ်အစိုးရအနေနဲ့ ရောဂါမပျံ့နှံ့ရေး လုပ်ငန်းစဉ်တွေကို ကြေညာချက် ထုတ်ပြီး ဆောင်ရွက်နေပါတယ်။
ရောဂါစတင် ဖြစ်ပွားခဲ့တဲ့ ဝူဟန်မြို့နဲ့ ရန်ကုန်မြို့အကြား အပတ်စဉ် တိုက်ရိုက် လေကြောင်းပျံသန်းမှု ရှိနေပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ တဝှမ်းလုံးက နယ်စပ် ဝင်ပေါက် ထွက်ပေါက်တွေကို စောင့်ကြည့်စစ်ဆေးနေတယ်လို့ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ရောဂါပိုးကူးစက်မခံရအောင် အောက်ပါအတိုင်း လိုက်နာသင့်ပါတယ်။
– ဖျားနာ၊ ချောင်းဆိုး ၊ နှာစေး စတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာရှိသူတွေနဲ့ နီးနီးကပ်မနေဖို့
– လူထူထပ်တဲ့နေရာကို မသွားဖို့
– နှာချေ ၊ ချောင်းဆိုးတဲ့အခါ နှာခေါင်းစည်းသုံးဖို့
– တိရစ္ဆာန်တွေကို အကာအကွယ် မပါဘဲ တိုက်ရိုက်မကိုင်ဖို့ စတဲ့နည်းလမ်းတွေကို လိုက်နာဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Ref: ft, Bangkokpost
You may also like these stories:
တရုတ်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ဂျပန်နိုင်ငံသားတဦးကို ထပ်မံကူးစက်
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိုင်းနဲ့ မြန်မာကို လာရောက်တဲ့ တရုတ်ခရီးသွားများအား စောင့်ကြည့်နေရ