ဟိမဝန္တာတောင်ကြားမှာ တည်ရှိတဲ့ လာဆာမြို့ဟာ တိဗက်ပြည်ရဲ့ မြို့တော်ဖြစ်သလို ဗုဒ္ဓဘာသာ ဘုရားဖူးတွေအတွက် အရေးပါတဲ့ မြို့တမြို့လည်း ဖြစ်ပါတယ်။ တိဗက်ပြည်ဟာ အာရှတိုက်အလယ်ပိုင်း မြင့်မားတဲ့ ကုန်းမြေပေါ်မှာ တည်ရှိပါတယ်။
တောင်ပိုင်းမှာရှိတဲ့ ဟိမဝန္တာတောင်တန်းက တိဗက်ပြည်နဲ့ အိန္ဒိယနိုင်ငံမြောက်ပိုင်းကို ပိုင်းခြားထားပါတယ်။ တိဗက်လူမျိုးတွေဟာ ရှေးရိုး အစဉ်အလာတွေကို စွဲစွဲမြဲမြဲ ယုံကြည်သူတွေ ဖြစ်တဲ့အတွက် နှစ်ပေါင်းများစွာ ပြင်ပနိုင်ငံတွေနဲ့ ဆက်သွယ်မှု ကင်းကွာခဲ့ရပါတယ်။
နွေရာသီဆိုရင် လာဆာမြို့ကို ခရီးသွား အများအပြား လာရောက်လေ့ ရှိပါတယ်။ ဒါကြောင့်လည်း နွေရာသီ လူစုလူဝေးကို ရှောင်ရှားနိုင်ဖို့အတွက် ဘုရားဖူး ဧည့်သည်တွေနဲ့ နိုင်ငံတကာ ခရီးသွားတွေကို ဆောင်းရာသီလို အချိန်မျိုးမှာ လာရောက် လည်ပတ်ဖို့ လာဆာ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေက တိုက်တွန်းထားပါတယ်။
ဒါကြောင့်လည်း ဒေသခံအစိုးရအနေနဲ့ လာမယ့် မတ်လ ၁၅ ရက်နေ့အထိ ခရီးသွားလုပ်ငန်း မြှင့်တင်ရေး အစီအစဉ်တွေကို ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ လာဆာမြို့ကိုရောက်ရင် အဓိက သွားရောက် လည်ပတ်သင့်တဲ့ နေရာကတော့ ပိုတာလာနန်းတော်ပါ။ ပိုတာလာနန်းတော်ဟာ လာဆာမြို့ရဲ့ တောင်ထွတ် တခုပေါ်မှာရှိပြီး ၁၆၄၅ ခုနှစ်မှာ ပဉ္စမမြောက် ဒလိုင်းလားမားက တည်ဆောက်ခဲ့ပါတယ်။
ပိုတာလာနန်းတော်ကြီးကို အနီရောင် နန်းတော်နဲ့ အဖြူရောင် နန်းတော်ဆိုပြီး အပိုင်း ၂ ပိုင်း ခွဲခြားထားပါတယ်။ အနီရောင်နန်းတော် အပိုင်းဟာ ဘာသာရေးစာပေတွေ လေ့လာတာ၊ ဘုရားဝတ်ပြု ဆုတောင်းပြီးတရားထိုင်တာစတဲ့ ဘာသာရေးဆိုင်ရာကိစ္စတွေကို ဆောင်ရွက်ပြီး၊ အဖြူရောင် နန်းတော်အပိုင်းမှာတော့ ဌာနဆိုင်ရာ ရုံးတွေ ရှိပါတယ်။
ပိုတာလာနန်းတော်ကြီး တခုလုံးဟာ တိဗက်သမိုင်းနဲ့ ဘာသာရေးဆိုင်ရာ ရှေးဟောင်းပစ္စည်းတွေနဲ့ ပြည့်နှက်နေတဲ့အတွက် လာဆာကို ရောက်ရင် ပိုတာလာနန်းတော်ကို မဖြစ်မနေ သွားရောက် လည်ပတ်သင့်ပါတယ်။
လာဆာရဲ့ ဆောင်းရာသီ ခရီးသွားလုပ်ငန်း ပိုမိုတိုးတက်ပြီး နိုင်ငံတကာ ခရီးသွားပေါင်းများစွာ လာရောက်လည်ပတ်နိုင်ဖို့ တိဗက်မှာရှိတဲ့ ကြယ်အဆင့်ရ ဟိုတယ်တွေနဲ့ ဒေသတွင်း လေကြောင်းလိုင်းတွေကလည်း သတ်မှတ်နှုန်းထားတွေကို လျှော့ချသွားမယ်လို့ သိရပါတယ်။
လာဆာမြို့အနေနဲ့ ဆောင်းရာသီ ခရီးသွားလုပ်ငန်းကို မြှင့်တင်ဖို့ ဆောင်ရွက်နေတာ ၃ နှစ် ဆက်တိုက် ရှိခဲ့ပါပြီ။ လာဆာ ဆောင်းရာသီဟာ နိုဝင်ဘာ ၁ ရက်နေ့ကနေ မတ်လ ၁၅ ရက်အထိ ဖြစ်ပါတယ်။ ၂၀၁၈ ဆောင်းရာသီတုန်းကတော့ လာဆာမြို့ကို လာရောက် လည်ပတ်တဲ့ ဒေသခံနဲ့ နိုင်ငံတကာ ခရီးသွားအရေအတွက်က ၂ ဒဿမ ၄၆ သန်း ရှိခဲ့ပါတယ်။
လာဆာမြို့ ခရီးသွားလုပ်ငန်းတွေ အနေနဲ့ ဝင်ငွေအဓိက ရရှိတာကတော့ ဒေသခံတွေဆီကဖြစ်ပြီး အဓိကကတော့ လယ်သမားတွေနဲ့ မွေးမြူရေးသမားတွေဆီကလို့ ဆိုပါတယ်။
Ref: 12go.asia
You may also like these stories:
၂၀၂၀ ခုနှစ်အတွက် အလုံခြုံဆုံး မြို့ ၁၀ မြို့
ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံ၊ ဟူဘေးပြည်နယ်ရှိ မြို့ ၁၀ မြို့ကို ခရီးသွားလာခွင့် ပိတ်ပင်
တရုတ်နှစ်သစ်ကူး ပွဲတော်ကို ခမ်းခမ်းနားနား ကျင်းပလေ့ရှိတဲ့ နေရာများ