သြစတြေးလျနိုင်ငံဟာ တောမီးလောင်ကျွမ်းမှုဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရတဲ့ နိုင်ငံတနိုင်ငံပါ။ တောမီးလောင်ကျွမ်းမှုကြောင့် နေအိမ် ထောင်ချီ လောင်ကျွမ်းခဲ့ရသလို လူ့အသက်တွေ၊ တိရစ္ဆာန် အသက်တွေ အများကြီး စတေးခဲ့ရပါတယ်။ ဒါပေမဲ့ တောမီး မကူးစက်တဲ့ နေရာတွေလည်း ရှိပါသေးတယ်။
သြစတြေးလျနိုင်ငံဟာ အရင်လိုပဲ ခရီးသွားလို့ ကောင်းတဲ့ ဒေသတခုကြောင်း၊ စီးပွားရေး အခွင့်အလမ်းတွေလည်း အရင်လိုပဲ ကောင်းမွန်ကြောင်း ကမ္ဘာကြီးကို ပြသနိုင်ဖို့ အစီအစဉ်တခု ချမှတ်ခဲ့ပါတယ်။ အဲဒီ အစဉ်ကတော့ “ဒီနှစ် အားလပ်ရက်” အမည်ရှိတဲ့ ခရီးသွား အစီအစဉ်ပါ။
ဒီအစီအစဉ်ကို သြစတြေးလျ ခရီးသွားလာရေးဝန်ကြီးဌာနက စတင်လိုက်တာဖြစ်ပြီး မကြာသေးခင်က တောမီးလောင်ကျွမ်းခဲ့တဲ့ ဒေသတွေကို အထောက်အပံ့ ပေးသွားနိုင်ဖို့အတွက် ဖြစ်ပါတယ်။ သြစတြေးလျနိုင်ငံသားတွေအနေနဲ့ ဒီအစီအစဉ်မှာ ပါဝင်ပြီး ပြည်တွင်း ခရီးသွားကြဖို့၊ ခရီးသွားအတွေ့အကြုံတွေကို အချင်းချင်း မျှဝေကြဖို့နဲ့ အွန်လိုင်းမှာ ကိုယ့်ခရီးသွားအတွေ့အကြုံတွေ ရေးသားကြဖို့ တိုက်တွန်းထားပါတယ်။
သြစတြေးလျ ခရီးသွားလာရေး စီမံခန့်ခွဲမှု ဒါရိုက်တာဖြစ်သူ Phillipa Harrison ကလည်း အခု အစီအစဉ်ကနေ သြစတြေးလျနိုင်ငံ ခရီးသွားလုပ်ငန်းတွေ ပြန်လည် စတင်နေကြောင်း၊ နိုင်ငံတကာက ခရီးသွားတွေကို သတင်းစကား ပါးနိုင်မှာဖြစ်သလို သြစတြေးလျနိုင်ငံ နလန်ပြန်ထဖို့အတွက် အကောင်းဆုံး အခြေအနေတခုဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဒီအစီအစဉ်ကို သြစတြေးလျမြို့ကြီးတွေရဲ့ သတင်းစာ၊ ရေဒီယိုနဲ့ ဆိုရှယ်မီဒီယာကနေ ကြေညာပေးလျက် ရှိနေပါတယ်။ သြစတြေးလျနိုင်ငံရဲ့ အစိတ်အပိုင်းအများစုမှာ ခရီးသွားလုပ်ငန်းကနေ ရတဲ့ ဝင်ငွေက အဓိကကျတဲ့ နေရာက ရှိနေပါတယ်။ တောမီလောင်ကျွမ်းမှုကြောင့် ပုံမှန်ရရှိနေတဲ့ ဝင်ငွေတချို့ ဆုံးရှုံးခဲ့ရကြောင်း Phillipa Harrison က ပြောပါတယ်။
ဒါကြောင့် တောမီးလောင်ကျွမ်းမှုကို ပြန်လည် ဖာထေးနိုင်ဖို့ သြစတြေးလျနိုင်ငံသားအများစု အနေနဲ့ နိုင်ငံအနှံ့ ခရီးထွက်ဖို့ လိုအပ်ပါတယ်။ ဒီအစီအစဉ်ဟာ ရိုးရှင်းတဲ့ အစီစဉ်တခုဖြစ်ပေမယ့် သြစတြေးလျနိုင်ငံကို အထိရောက်ဆုံး ကူညီနိုင်တဲ့ နည်းလမ်းတခုဖြစ်တယ်လို့ Phillipa က ပြောပါတယ်။
Ref: 7news