မြန်မာနိုင်ငံအနေနဲ့ ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်လို့ အဆင့်တိုးပြီး ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ ၂၀၁၉ ခုနှစ်အတွင်း မြန်မာနိုင်ငံကို လေကြောင်းခရီးနဲ့ လာရောက် လည်ပတ်တဲ့ ခရီးသွားပေါင်း ၁ သန်းကျော် ရှိခဲ့ပြီး အပျော်စီးသင်္ဘောနဲ့ လာရောက် လည်ပတ်ကြသူ စုစုပေါင်း ၈ ထောင်ကျော် ရှိခဲ့တယ်လို့ လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ထားတဲ့ စာရင်းဇယားတွေအရ သိရပါတယ်။
၂၀၂၀ ခုနှစ်အတွင်းမှာလည်း မြန်မာနိုင်ငံအနေနဲ့ နိုင်ငံပေါင်း ၆၇ နိုင်ငံကို ဗီဇာနဲ့ လာရောက် လည်ပတ်ခွင့် ပြုထားပါတယ်။ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီကနေ စတင်ပြီး သြစတြီးယား၊ ဟန်ဂေရီ၊ နယူးဇီလန်၊ ချက်၊ လူဇင်ဘတ်နိုင်ငံတွေကိုလည်း ဗီဇာနဲ့ လာရောက် လည်ပတ်ခွင့် ပြုထားပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာက စတင်ပြီး ဟောင်ကောင်၊ မကာအို အပါအဝင် တရုတ်၊ တောင်ကိုရီးယား၊ ဂျပန်စတဲ့ နိုင်ငံတွေကို ဗီဇာကင်းလွတ်ခွင့် ပြုခဲ့ပါတယ်။ ဗီဇာကင်းလွတ်ခွင့် ပြုထားတဲ့ နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံမှာ ရက် ၃၀ လည်ပတ်ရမှာဖြစ်ပြီး သက်တမ်း ထပ်မံ မတိုးပေးဘူးလို့လည်း သိရပါတယ်။
ဗီဇာကင်းလွတ်ခွင့် ပြုထားတယ် ဆိုပေမယ့်လည်း ဟောင်ကောင်၊ မကာအိုနဲ့ တရုတ်နိုင်ငံက ခရီးသွားတွေအနေနဲ့ မြန်မာနိုင်ငံကို လာရောက် လည်ပတ်တဲ့အခါ အမေရိကန်ဒေါ်လာ ၅၀ ပေးဆောင်ရမှာဖြစ်ပြီး သက်တမ်းထပ်မံ မတိုးပေးဘူးလို့ သိရပါတယ်။
မြန်မာနိုင်ငံကို အဓိက လာရောက် လည်ပတ်တဲ့ ခရီးသွားဧည့်သည်တွေကတော့ တရုတ်ခရီးသွားတွေ ဖြစ်ပြီး ဥရောပနိုင်ငံတွေအနေနဲ့တော့ လာရောက် လည်ပတ်မှု နည်းပါးနေပါသေးတယ်။ ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၈ ရက်နေ့က စတင်ပြီး ရန်ကုန်မြို့နဲ့ တရုတ်နိုင်ငံက မြို့ပေါင်း ၁၈ မြို့နဲ့ တိုက်ရိုက် လေယာဉ်ပြေးဆွဲခဲ့ပါတယ်။
ရန်ကုန်နဲ့ တရုတ်နိုင်ငံကမြို့တွေကို တိုက်ရိုက် လေယာဉ်ပြေးဆွဲတဲ့ လေကြောင်းလိုင်းက ၁၃ လိုင်း ရှိပြီး၊ နောက်ပိုင်းမှာတော့ မန္တလေး၊ နေပြည်တော် စတဲ့မြို့တွေကိုလည်း လေယာဉ် ပြေးဆွဲခဲ့ပါတယ်။
၂၀၂၀ မှာတော့ မြန်မာနိုင်ငံကို လာရောက်မယ့် ခရီးသွား အရေအတွက်က ပိုမိုတိုးတက်လာနိုင်စရာ ရှိနေပါတယ်။ မြန်မာနိုင်ငံကို လေကြောင်း၊ ရေကြောင်းကနေ လာရောက် လည်ပတ်တဲ့ ခရီးသွား ဧည့်သည်တွေ ရှိနေသလို နယ်စပ် ဝင်ပေါက်ကနေ လာရောက်တဲ့ ခရီးသွားတွေလည်း ရှိနေပါတယ်။
၂၀၁၉ ခုနှစ်အတွင်း နယ်စပ်ဝင်ပေါက်က လာရောက် လည်ပတ်တဲ့ ခရီးသွား အရေအတွက်က ၂ သန်းကျော် ရှိခဲ့တယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ သိရပါတယ်။
You may also like these stories:
“ဒီနှစ်အားလပ်ရက်” အမည်ရှိတဲ့ ခရီးသွားအစီအစဉ်ကို စတင်လိုက်တဲ့ သြစတြေးလျ
ရေပန်းစားလာတဲ့ လာဆာမြို့ရဲ့ ဆောင်းရာသီ ခရီးသွားလုပ်ငန်း
၂၀၂၀ ခုနှစ်အတွက် အလုံခြုံဆုံး မြို့ ၁၀ မြို့