ကိုရိုနာဗိုင်းရပ်စ်ဟာ ကမ္ဘာကို ခြိမ်းခြောက်နေတဲ့ ရောဂါတခုဖြစ်နေတာကြောင့် နိုင်ငံတချို့က တရုတ်နိုင်ငံကို သွားရောက် လည်ပတ်တာမျိုး မပြုလုပ်ဖို့ တားမြစ်လာကြပါတယ်။
ဗြိတိန်နိုင်ငံက လေကြောင်းလိုင်းတွေအနေနဲ့လည်း တရုတ်နိုင်ငံကို သွားရောက်မယ့် လေကြောင်းလိုင်းတွေကို ယာယီ ဆိုင်းငံ့ထားလိုက်တယ်လို့ သိရပါတယ်။ ဗြိတိန်အစိုးရအနေနဲ့လည်း တရုတ်နိုင်ငံကို ခရီးသွား တာမျိုး မပြုလုပ်ကြဖို့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။
ဗြိတိန်လေကြောင်းလိုင်းတခုဖြစ်တဲ့ BA လေကြောင်းလိုင်း ဝက်ဘ်ဆိုက်မှာလည်း ဇန်နဝါရီကနေ ဖေဖော်ဝါရီလအထိ တရုတ်နိုင်ငံကို ပျံသန်းမယ့် လေကြောင်းခရီးစဉ်တွေကို ယာယီဆိုင်းငံ့ထားကြောင်း ကြေညာခဲ့ပါတယ်။ ဒီလို ကြေညာထားတဲ့အတွက်ကြောင့် လေကြောင်းလိုင်းအနေနဲ့ ပြည်သူကို တောင်းပန်ခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ကာကွယ်နိုင်ဖို့ဆို တရုတ်နိုင်ငံကို ခရီးသွားတာမျိုး မပြုလုပ်ဖို့နဲ့ တရုတ်နိုင်ငံသားတွေကို ပြည်ဝင်ခွင့် ယာယီပိတ်တာမျိုးက အကောင်းဆုံး နည်းလမ်းပါပဲ။
တောင်ကိုရီးယား လေကြောင်းလိုင်းတခုဖြစ်တဲ့ Air Seoul အနေနဲ့လည်း တရုတ်နိုင်ငံကို ပျံသန်းမယ့် လေကြောင်းခရီးစဉ်တွေကို ယာယီ ဖျက်သိမ်းခဲ့ပါတယ်။ အမေရိကန် လေကြောင်းလိုင်းတချို့ အနေနဲ့လည်း ဖေဖော်ဝါရီ ၁ ရက်ကနေ ၈ ရက်နေ့အထိ ဘေကျင်း၊ ဟောင်ကောင်၊ ရှန်ဟိုင်းစတဲ့ မြို့တွေကို ပျံသန်းမယ့် လေကြောင်း ခရီးစဉ်တွေကို ယာယီ ဖျက်သိမ်းထားတယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံရဲ့ တန်ဖိုးနည်း လေကြောင်းလိုင်းတခုဖြစ်တဲ့ Thai Lion လေကြောင်းလိုင်းအနေနဲ့လည်း ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံ တောင်ပိုင်းမြို့တမြို့ ဖြစ်တဲ့ Chengdu မြို့အကြား လေကြောင်းလိုင်း ပြေးဆွဲနေမှုကို ဖေဖော်ဝါရီ ၁၀ ရက်နေ့အထိ ယာယီ ရပ်ဆိုင်းထားမယ်လို့ ကြေညာခဲ့ပါတယ်။
စင်ကာပူ လေကြောင်းလိုင်းဖြစ်တဲ့ Singapore Airlines နဲ့ ဟောင်ကောင်လေကြောင်းလိုင်းတခု ဖြစ်တဲ့ Cathay Pacific Airways တို့ကလည်း တရုတ်နိုင်ငံကို သွားရောက် လည်ပတ်ကြမယ့် ခရီးသွားတွေအနေနဲ့ Face Mask တွေ တပ်ဆင်ကြဖို့ သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။
ရောဂါတမျိုးမျိုး ကူးစက်လာရင် လူတွေ သေဆုံးလေ့ရှိသလို စီးပွားရေးလုပ်ငန်းတွေလည်း ထိခိုက် နစ်နာမှုတွေရှိပါတယ်။ ဒီကနေ့အချိန်ထိတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံမှာ လူပေါင်း ၄၉၀ သေဆုံးခဲ့ရပြီဖြစ်သလို ဖိလစ်ပိုင်မှာ ၁ ယောက်၊ ဟောင်ကောင်မှာ ၁ ယောက် သေဆုံးခဲ့ရပြီးပါပြီ။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဆေးရုံတက်နေရသူ လူတချို့လည်း စနစ်တကျ ဆေးဝါးကုသမှု ခံယူခဲ့တဲ့အတွက် ဆေးရုံကနေ ပြန်ဆင်းလာနိုင်ခဲ့ပြီဖြစ်သလို တချို့တွေကတော့ ဆေးရုံမှာ ဆေးကုသမှု ဆက်လက် ခံယူနေတုန်းပဲလို့ သိရပါတယ်။
Ref: chiangraitimes
You may also like these stories:
ဂျပန်ဆိပ်ကမ်းက အပျော်စီးသင်္ဘောပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၀ ဦး ခန့်ရှိနေ
ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူပေါင်း ၄၉၀ အထိ ရှိလာ
ကိုရိုနာဗိုင်းရပ်စ်ဟာ မစင်မှတဆင့် ကူးစက်နိုင်ကြောင်း သိပ္ပံပညာရှင်များ ပြောကြား