လက်ရှိဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ နိုင်ငံတကာ ခရီးသွားလုပ်ငန်းတွေကို များစွာ ထိခိုက်စေခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူတွေကို တွေ့နေရပြီဖြစ်တဲ့အတွက် နိုင်ငံတကာ ခရီးသွားအများစုက သူတို့ရဲ့ခရီးစဉ်တွေကို ဖျက်သိမ်းလိုက်ကြပါတယ်။
ထိုင်းနိုင်ငံ ခရီးသွားလာရေးလုပ်ငန်း ကောင်စီကတော့ လက်ရှိဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ ထိုင်းခရီးသွားလုပ်ငန်းတွေကို အကြီးအကျယ် ဆုံးရှုံးမှုတွေ ဖြစ်ပွားစေတယ်လို့ ဆိုပါတယ်။
ဒါကြောင့်လည်း ထိုင်းခရီးသွားလာရေးလုပ်ငန်းကောင်စီအဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ရက်ကပဲ ဘန်ကောက်မြို့မှာ ဆွေးနွေးမှုတွေပြုလုပ်ခဲ့ကြပြီး လက်ရှိ ကြုံတွေ့နေရတဲ့ အကြပ်အတည်းကို အကောင်းဆုံး ဖြေရှင်းနိုင်မယ့် နည်းလမ်းများ ရှာဖွေခဲ့ကြပါတယ်။ ဥက္ကဋ္ဌဖြစ်သူ Chairat Trirattanajarasporn က လက်ရှိကြုံတွေ့နေရတဲ့ ကိုရိုနာဗိုင်းရပ်စ် ပြဿနာဟာ တခြားရောဂါ အမျိုးအစားတွေနဲ့ ယှဉ်လိုက်ရင် ခရီးသွားလုပ်ငန်းကိုများစွာ ထိခိုက်မှုတွေ ရှိစေခဲ့တယ်လို့ ပြောပါတယ်။
ပုံမှန်အတိုင်းဆိုရင်တော့ ထိုင်းနိုင်ငံမှာ ဟိုတယ်အခန်း ၇၀၀ ၊ ၈၀၀ လောက်ကို နိုင်ငံတကာ ခရီးသွားတွေ ကြိုတင်မှာယူထားလေ့ ရှိကြပေမယ့် အခုချိန်မှာတော့ ကြိုတင်မှာယူမှုက သုညအထိ ကျဆင်းသွားခဲ့ပါတယ်။ ဒီလိုဖြစ်ပျက်နေတာကြောင့်လည်း လုပ်သားတချို့မှာ ထိခိုက်မှုတွေ ရှိနေပါတယ်။
တရုတ်ခရီးသွားတွေအနေနဲ့ ပြည်ပခရီးတွေကို ရပ်ဆိုင်းလိုက်ပြီးနောက်ပိုင်းမှာ ခရီးသွားလုပ်ငန်းတွေရဲ့ အခြေအနေက သိသိသာသာကြီးကို လျော့ကျသွားခဲ့ရပါတယ်။ ထိုင်းနိုင်ငံအတွက်တော့ တရုတ်ခရီးသွားတွေက အရေးအပါဆုံး ခရီးသွားတွေပါပဲ။
ချင်းမိုင်မြို့မှာဆိုရင်လည်း တရုတ်စကားတတ်တဲ့ ဧည့်လမ်းညွှန် ၇၀၀ လောက် အလုပ်လက်မဲ့ဖြစ်နေပြီး သယ်ယူပို့ဆောင်ရေးယာဉ်ပေါင်း ၃၀၀ လောက်ကိုလည်း ရပ်နားထားတယ်လို့ သိရပါတယ်။ ဒါကြောင့်လည်း ထိုင်းခရီးသွားလာရေးကောင်စီ ဥက္ကဋ္ဌဖြစ်သူက အခုကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ထိုင်းအစိုးရအနေနဲ့ ဝင်ရောက် ဖြေရှင်းသင့်ကြောင်း ပြောပါတယ်။
အခုဆိုရင်တော့ ချင်းမိုင်ရဲ့ အထင်ကရနေရာတွေမှာ နေ့စဉ်လိုလို တွေ့ရှိနေရတတ်တဲ့ တရုတ်ခရီးသွား ၂၀၀၀ နီးပါးရဲ့ အရိပ်အယောင်ကိုတောင် မတွေ့ရတော့ပါဘူး။ တရုတ်နိုင်ငံ၊ မြို့ကြီးတွေမှာလည်း ခြောက်ကပ်နေသလို တရုတ်ခရီးသွားတွေ အများဆုံး လာရောက် လည်ပတ်လေ့ရှိတဲ့ နိုင်ငံတချို့မှာလည်း တရုတ်ခရီးသွားတွေ ကွယ်ပျောက်သလောက် အခြေအနေ ဖြစ်နေပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ဘယ်အချိန်အထိ ဆက်လက် ကူးစက်နေမလဲဆိုတာ တိတိကျကျ မသိရသေးတဲ့အတွက် ဝင်ငွေတွေကတော့ ဆုံးရှုံးနေရဦးမှာပါပဲ။ တရုတ် – မြန်မာနယ်စပ် ကုန်သွယ်ရေးကလည်း ရပ်ဆိုင်းနေတဲ့အတွက် နေ့စဉ် ဝင်ငွေဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
Ref: Chiangraitimes
You may also like these stories:
ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံကို ပျံသန်းမယ့် လေကြောင်းခရီးစဉ်များ ယာယီရပ်ဆိုင်း
စင်ကာပူနိုင်ငံမှာ တရုတ်ခရီးသွားများ ဝင်ရောက်မှု ယာယီဆိုင်းငံ့
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ချင်းမိုင်ကို လာရောက်တဲ့ တရုတ်ခရီးသွား အရေအတွက် ကျဆင်း