ဘာသာတရားတိုင်းမှာ အထွတ်အမြတ်ထားတဲ့ နေရာတွေရှိကြသလို အဲဒီလို နေရာမျိုးတွေကိုလည်း သွားရောက်လေ့ ရှိကြပါတယ်။ ဗုဒ္ဓဘာသာ ဘုရားဖူးတွေအနေနဲ့ နှစ်စဉ်လိုလို မြတ်ဗုဒ ္ဓပွင့်ထွန်းရာဒေသကို သန်းနဲ့ချီ သွားရောက်လေ့ ရှိကြသလို အစ္စလာမ် ဘာသာဝင်တွေအနေနဲ့လည်း မက္ကာကို သန်းနဲ့ချီ သွားရောက်လေ့ ရှိကြပါတယ်။
လူအများစုက သက်ဝင်ယုံကြည်ခြင်းမှာ အခြေခံပြီး ပြုလုပ်ဆောင်ရွက်လေ့ ရှိကြပါတယ်။ လူတွေရဲ့ သက်ဝင်ယုံကြည်မှု ကိစ္စဟာ လှောင်ပြောင်စရာ အခြေအနေမျိုးတော့လည်း မဟုတ်ပါဘူး။
မြန်မာနိုင်ငံမှာ နေထိုင်ကြတဲ့ ဟိန္ဒူဘာသာဝင်တွေအနေနဲ့လည်း ရှန်ခိုက်ပွဲတော်အချိန် ရောက်လာရင် လူဦးရေ သိန်းနဲ့ချီပြီး လားရှိုးမြို့ကို လာရောက်လေ့ ရှိကြပါတယ်။ ဒီလို သိန်းနဲ့ချီပြီး လာရောက်ကြတဲ့ အကြောင်းရင်းတခုကတော့ ပေါ်တော်မူ သီရိသျှီဝ ဘုရားကို ယုံကြည်စွာ ပူဇော် ဆုတောင်းရင် အလို ဆန္ဒပြည့်ဝတယ်ဆိုတဲ့ ယုံကြည်ချက် တခုကြောင့်ပါ။
နှစ်စဉ်လိုလို မြန်မာနိုင်ငံ အရပ်ရပ်မှာ ရှိကြတဲ့ ဟိန္ဒူဘာသာဝင်ပေါင်း ၂ သိန်းကျော် ၃ သိန်းနီးပါး ရှိန်ခိုက်ကို လာရောက် ဆုတောင်းလေ့ ရှိကြပါတယ်။ ဒီပမာဏဟာ ပွဲတော်ကျင်းပချိန် ၃ ရက်တာ ကာလအတွင်း လာရောက်ကြတဲ့ ပမာဏပါ။ ဒါကြောင့် ရှန်ခိုက်ဘုရားပွဲတော် ဘယ်လိုစတင်ဖြစ်ပေါ် ကျင်းပလာခဲ့သလဲဆိုတာ အကျဉ်းသဘော ရှင်းပြလိုပါတယ်။
ခရစ်သက္ကရာဇ် ၁၉၀၃ ခုနှစ်၊ ဗြိတိသျှအစိုးရလက်ထက်မှာ မီးရထားသံလမ်းဖောက်လုပ်တဲ့ အူရီးယားအနွယ်ဝင် ဟိန္ဒူအလုပ်သမားတွေ အခုပေါ်တော်မူဘုရား ရှိရာဒေသကို ရောက်ရှိ လာခဲ့ကြပါတယ်။ အဲဒီအလုပ်သမားတွေအနေနဲ့ မီးရထားသံလမ်းအတွက် ကျောက်တွေကို တူးဖော်တဲ့အခါမှာ သံတူရွင်းထိခိုက်တဲ့ နေရာတွေကနေ သွေးတွေ ပန်းထွက်လာတယ်လို့ ဆိုပါတယ်။
ဘာကြောင့် သွေးတွေပန်းထွက်နေသလဲ သိချင်တဲ့အတွက် ကျောက်ခဲတွေကို ဖယ်ရှားကြည့်ခဲ့ရာမှာ တော့ အခုဘုရားဖူးတွေ ဆုတောင်းဝတ်ပြု ကိုးကွယ်နေကြတဲ့ သျှီဝဘုရား ရုပ်သင်္ကေတတွေကို မဟာပိန္နဲနတ်ဘုရားက ဦးချဂါရဝပြုနေတဲ့ ပုံစံမြင်တွေ့ ခဲ့ရာကနေ ကျောင်းဆောင် ဆောက်လုပ်ပြီး ကိုးကွယ်ခဲ့ကြပါတယ်။
အဲဒီအချိန်ကစပြီး မြန်မာနိုင်ငံမှာ ပေါ်တော်မူ သျှီဝဘုရားတော်ပွဲတော်ကို ကျင်းပလာခဲ့တာဟာ အခုအချိန်မှာတော့ အိန္ဒိယ၊ နီပေါ၊ ထိုင်း စတဲ့ နိုင်ငံက ဘုရားဖူး ခရီးသွားတွေပါ လာရောက်ခဲ့ကြပါတယ်။
ပွဲတော်ကျင်းပချိန် ၃ ရက်တာကာလအတွင်း ဘုရားဖူးခရီးသွား ၂ သိန်းကျော်ဟာ ယုံကြည်ချက် တခုကြောင့် ဒီနေရာကိုရောက်လာခဲ့ကြတာ စိတ်ဝင်စားစရာကောင်းနေတဲ့အတွက် သက်ဆိုင်ရာ ဂေါပကလူကြီးတွေနဲ့ ရှန်ခိုက်မှာ စကားပြောဖြစ်ခဲ့ပါတယ်။
ရောက်လာကြမယ့် ခရီးသွားတွေအတွက် ရွက်ဖျင်တဲပေါင်း မြောက်မြားစွာ ထိုးပေးထားတာကို တွေ့ ခဲ့ရပါတယ်။ အခုထိုးနေတဲ့ ရွက်ဖျင်တဲတွေမှာ အခန်းငယ်လေးတွေ ဖွဲ့စည်းထားပေမယ့် ခရီးသွားတွေ အကုန်လုံးအတွက်တော့ မလုံလောက်နိုင်ပါဘူး။
ဒါပေမဲ့လည်း ခရီးသွားအများစုဟာ အဲ့ဒီအခန်းငယ်လေးတွေထဲမှာ ပစ္စည်းထားရုံလောက်သာ အသုံးပြုကြပြီး အများစုကတော့ ဆုတောင်းတာမျိုး ၊ ပွဲလည်တာမျိုးပြုလုပ်လေ့ရှိပြီး အိပ်ချင်တော့မှသာ တယောက်တလှည့်ဆိုသလို အခန်းငယ်တွေထဲ ဝင်အိပ်လေ့ရှိကြတယ်လို့ သက်ဆိုင်ရာဂေါပကလူကြီးတွေက ပြောပြပါတယ်။
ပွဲတော်ကာလအတွင်းရောက်လာကြတဲ့ ဘုရားဖူးဧည့်သည်တွေကို နေရေး ထိုင်ရေးတင်သာမက စာရေးသောက်ရေးကိစ္စတွေကိုပါ စီစဉ်ပေးထားပါသေးတယ်။ ဘုရားဖူးဧည့်သည်တွေဟာ ဘုရား ပွဲတော်ကာလအတွင်း တစုံတရာ စိတ်ပူပင်စရာ မလိုအပ်ပါဘူး။
နှစ်စဉ် ပွဲကျင်းပတဲ့ ကုန်ကျစရိတ်အနေနဲ့ သိန်း ၁၆၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။ ဒီကုန်ကျစရိတ်ထဲမှာ ပွဲတော်ကာလအတွင်း အဆောက်အဦတွေ ပြုပြင်မွမ်းမံ ၊ စားရေးသောက်ရေး ကုန်ကျစရိတ်တွေ အားလုံး ပါဝင်တယ်လို့ ဂေါပကတွေက ပြောပြပါတယ်။ မြန်မာနိုင်ငံ အရပ်ရပ်မှာရှိတဲ့ အလှူရှင်တွေကလည်း နှစ်စဉ် ပွဲတော်ကျင်းပနိုင်ဖို့ ငွေလှူဒါန်းလေ့ ရှိကြပါတယ်။
ပွဲတော်ကာလအတွင်း ရထားနဲ့ လာကြသလို ကားကြီး ၊ ကားငယ်အသွယ်သွယ်နဲ့လည်း လာကြတယ်လို့ သိရပါတယ်။ အခုချိန်မှာတော့ ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ ကျင်းပမယ့် ပွဲတော်အတွက် ကြိုတင်ပြင်ဆင်နေတာဖြစ်တဲ့အတွက် လူအများအပြား မရှိသေးဘဲ ဘုရာဖူး လာရောက်ကြသူ တချို့ကိုသာ တွေ့ရပါတယ်။ ပွဲတော်ကာလအတွင်းမှာတော့ ဘုရားကျောင်းက သီးသန့်ရထား စီစဉ်ပေးတယ်လို့ သိရပါတယ်။
မူလက တည်ဆောက်ခဲ့တဲ့ ကျောင်းတော် ၊ ဒုတိယ တည်ဆောက်ခဲ့တဲ့ ကျောင်းတော်တွေ ပျက်စီးယို ယွင်းခဲ့တာကြောင့် ဒုတိယကမ္ဘာစစ်အတွင်းက တတိယကျောင်းတော်ကိုတည်ဆောက်ခဲ့ရာမှာ ၁၉၉၃ ခုနှစ်မှာ ပြီးစီးခဲ့ပါတယ်။ နောက်ပိုင်းကာလတွေမှာတော့ ဘုရားဖူးခရီးသွားတွေ ပိုမို များပြားလာခဲ့တဲ့အတွက် ငွေကျပ်သိန်းပေါင်းများစွာ အကုန်အကျခံပြီး ပြန်လည် တည်ဆောက်ခဲ့တယ်လို့ သိရပါတယ်။
၂၀၀၃ ခုနှစ် မှာတော့ သက်တမ်း နှစ် ၁၀၀ ပြည့်ခဲ့တဲ့အတွက် မတ်လ ၁ ရက်နေ့ ကနေ ၅ ရက်နေ့ အထိ နှစ် ၁၀၀ ပြည့် အခမ်းအနားကို ကျင်းပခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်မှာတော့ ပွဲတော် ကျင်းပမယ့် ရက်က ဖေဖော်ဝါရီ ၁၉ ရက်ကနေ ၂၁ နေ့အထိပဲ ဖြစ်ပါတယ်။
အခုဖော်ပြခဲ့တဲ့ အကြောင်းအရာတွေကို လားရှိုးမြို့၊ ရှန်ခိုက်ကျေးရွာ၊ ပေါ်တော်မူ သီရိသျှီဝ ရှန်ခိုက် ဘုရားကျောင်းရဲ့ ဂေါပကလူကြီးတွေက ပြောပြပါတယ်။ ဘာသာတရား တခုနဲ့တခု မျှမျှတတ မြင်တတ်ရင် လူတွေဟာ ပိုမိုကောင်းမွန်လာမှာ အမှန်ပါပဲ။
You may also like these stories:
ပူစပ်စပ် အရသာနဲ့ စီချွမ်စတိုင် ငရုတ်သီးဆီချက် ဖက်ထုပ်ပေါင်း လုပ်နည်း
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိုင်းခရီးသွားလုပ်ငန်း ဝင်ငွေများစွာ ထိခိုက်ဆုံးရှုံး
Facebook ပေါ်မှာထက် အပြင်မှာပဲ ဘဝကို အကောင်းဆုံး ဖြတ်သန်းနေတဲ့ အောင်ရဲလင်း