လားရှိုးမြို့ကိုရောက်ရင် သမိုင်းဝင် မန်ဆူစေတီတော်မြတ်ကြီးကို သွားရောက် ဖူးမြော်သင့်ပါတယ်။ စေတီတော်မြတ်ကြီးကို ကောဇာသက္ကရာဇ် ၁၁၄၅ ခုနှစ်၊ သိန္နီနယ်အစု ရှမ်းစော်ဘွားကြီးတွေ လက်ထက်မှာ တည်ထားကိုးကွယ်ခဲ့ပါတယ်။ မန်ဆူဆိုတဲ့ နာမည်ဟာ ရှမ်းဘာသာစကားဖြစ်ပြီး မြန်မာလိုဆိုရင်တော့ “မြန်မာတို့ နှစ်သက်သော နေရာ”လို့ အဓိပ္ပါယ်ရပါတယ်။
ဘကြီးတော်မင်းလက်ထက်မှာ အမတ်ကြီးဦးပေါ်ဦးက မန်ဆူစေတီတော်မြတ်ကြီးကို ဉာဏ်တော်မြှင့်ပြီး ပြုပြင်မွမ်းမံခဲ့ပါတယ်။ မန်ဆူစေတီတော်ကြီးမှာ ဒီနေ့အချိန်ထိရှိနေသေးတဲ့ ခေါင်းလောင်းဟာ ဦးပေါ်ဦးနာမည်နဲ့ ရေးထိုးထားတဲ့ ခေါင်းလောင်းလို့ သိရပါတယ်။ ခေါင်းလောင်းမှာ ရေးထိုးထားတဲ့ ကမ္ဗည်းတွေကတော့ သိပ်ထင်ထင်ရှားရှား မရှိတော့ပါဘူး။
မြန်မာသက္ကရာဇ် ၁၃၁၃ ခုနှစ် (ခရစ်သက္ကရာဇ် ၁၉၅၁ ခုနှစ်)မှာတော့ စေတီတော်ကြီးနဲ့အတူ မုခ်ဦးအတွင်းမှာရှိတဲ့ ရုပ်ပွားတော်မြတ်ကြီးကိုပါ ဒုတိယအကြိမ် ပြန်လည်မွမ်းမံခဲ့ပြီး ဉာဏ်တော်ဖွင့်ခဲ့ပါတယ်။ သက်ဆိုင်ရာဂေါပကလူကြီးတွေအနေနဲ့လည်း မုခ်ဦး မုခ်ပေါက်အသစ်တည်ဆောက်တာ ကိုဆောင်ရွက်ခဲ့ကြပြီး ၁၃၃၄ ခုနှစ် (ခရစ်သက္ကရာဇ် ၁၉၇၂ ခုနှစ်)မှာတော့ ဓမ္မာရုံ ၊ ဓမ္မစင်္ကြာပြ တိုက်ကိုပါ ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။
တတိယအကြိမ် ပြန်လည် မွမ်းမံခဲ့တာကတော့ ၁၃၅၆ ခုနှစ် (ခရစ်သက္ကရာဇ် ၁၉၉၄ ခုနှစ်) ဖြစ်ပြီး အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးက ဦးစီးဆောင်ရွက်ခဲ့ပါတယ်။ ဒီတကြိမ်မှာတော့ စေတီတော် လုံးတော်ကြီးကို ဉာဏ်တော်ဖွင့်ပြီး အရံစေတီ ၂၄ ဆူ နဲ့အတူ မုခ်ဦး၊ တန်ဆောင်း၊ ပြဿဒ် စတာတွေကိုပါ ဘက်စုံ ပြုပြင်မွမ်းမံခဲ့ပါတယ်။ ၄ နှစ်ကြာပြီးတဲ့အချိန် ၁၃၆၀ ခုနှစ် (ခရစ်သက္ကရာဇ် ၁၉၉၈ ခုနှစ်)မှာတော့ ရေစက်သွန်းချနိုင်ခဲ့ပါတယ်။
စတုတ္ထအကြိမ် ပြန်လည်ပြုပြင်ရာမှာတော့ အများပြည်သူတွေလှူဒါန်းတဲ့ အလှူတော်ငွေ သိန်း ၇၀၀ ကျော်နဲ့ မန်ဆူစေတီတော်မြတ်ကြီးရဲ့ စိန်ဖူးတော် ၊ ငှက်မြတ်နားတော် ၊ ထီးတော် ဘုံအဆင့်ဆင့်တွေကို ရွှေသင်္ကန်းကပ် လှူပူဇော်ခဲ့တယ်လို့ သိရပါတယ်။