ရှမ်းပြည်မြောက်ပိုင်းမှာရှိတဲ့ သီပေါမြို့ဟာ မြန်မာ့သမိုင်း၊ ရှမ်းသမိုင်းမှာ အရေးပါထင်ရှားခဲ့တဲ့ ဂန္ထဝင်ဒေသတခုပါ။ “သီပေါအစ အုန်းပေါင်က”ဆိုတဲ့ ဆိုရိုးလည်းရှိပါတယ်။ ရှေးက အုန်းပေါင်ကနေ အခု သီပေါအထိ ရှည်လျားလှတဲ့သမိုင်းရာဇဝင်လည်း ရှိခဲ့ပါတယ်။
သာသနာသက္ကရာဇ် ၄၈၅ ခုနှစ်က တည်ထားခဲ့တဲ့ ရှေးအုန်းပေါင်မြို့ဟောင်းနေရာ (လွယ်မုတ်တောင်) ခရစ်နှစ် ၁၈၈၈ ခုနှစ်က တည်ဆောက်ခဲ့တဲ့ ဟော်နန်းဟောင်းနေရာ(ဇာတ်စု) နဲ့ ၁၉၄၂ ခုနှစ်က တည်ဆောက်ခဲ့တဲ့ ဟော်ခမ်း အဆောက်အဦ စတာတွေဟာ သမိုင်းမှာအရေးပါတဲ့ အစိတ်အပိုင်းတွေပါ။
အုန်းပေါင်ပြည် သို့မဟုတ် အုန်းပေါင်မြို့ဟာ မြန်မာ့ရာဇဝင်သမိုင်းမှာ အဓိကကျတဲ့ နေရာ ရှိခဲ့ပါတယ်။ ရှေးမြန်မာမင်းတွေလက်ထက်က အုန်းပေါင်ပြည်လို့ ခေါ်ဆိုခဲ့ကြတဲ့ အုန်းပေါင်မြို့ဟာ အခု လက်ရှိ သီပေါမြို့ အနောက်ဘက် စံဖိတ်၊ စံလိုင်နဲ့ လွယ်မုတ်တောင်တဝိုက်မှာ တည်ရှိပါတယ်။
အုန်းပေါင်မြို့ကို တည်ခဲ့သူကတော့ စဝ်ခွန်ခမ်းနော်(စဝ်ခမ်းစော်) ဖြစ်ပြီး သာသနာသက္ကရာဇ် ၄၈၅ ခုနှစ်၊ တပေါင်းလဆန်း ၁၅ ရက်နေ့မှာ တည်ခဲ့တယ်လို့ သိရပါတယ်။
အုန်းပေါင်ကနေ သီပေါအထိ နှစ်ပေါင်း ၂၀၀၀ ကျော်ကာလအတွင်း စော်ဘွားဆက်ပေါင်း ၉၂ ဆက် ရှိခဲ့ပါတယ်။ လက်ရှိသီပေါမြို့ကိုတော့ ၈၅ ဆက်မြောက် စော်ဘွားဖြစ်တဲ့ စဝ်ခွန်ဆိုင် ခေါ် စဝ်ကြာခိုင်က ၁၈၈၈ ခုနှစ်မှာ တည်ခဲ့ပါတယ်။ ဒါကြောင့်လည်း သီပေါမြို့တည်စော်ဘွားကြီး ဆိုရင်လည်း မမှားပါဘူး။
သီပေါမြို့ဟာ သမိုင်းအစဉ်အလာရှိခဲ့တဲ့ မြို့တမြို့ ဖြစ်တဲ့အတွက် သီပေါမြို့ကိုရောက်ရင် စော်ဘွားနဲ့ ဆွေတော်မျိုးတော်တွေကို မြှုပ်နှံထားတဲ့ အုတ်ဂူတွေရှိရာဆီကို သွားရောက် လည်ပတ်သင့်ပါတယ်။ သီပေါမြို့ကို တည်ခဲ့တဲ့ စဝ်ခွန်ဆိုင် ခေါ် စဝ်ကြာခိုင်ရဲ့ အုတ်ဂူကတော့ သီပေါမြို့ နန်းဦးစေတီတော်ပရဝုဏ်အတွင်းမှာ တည်ရှိပါတယ်။
သီပေါမြို့တည်စော်ဘွားကြီး နတ်ရွာစံတာကတော့ သီပေါမြို့မှာမဟုတ်ဘဲ မန္တလေးမြို့မှာဖြစ်ပြီး သားဖြစ်သူ ဆာစောချယ်က ကျန်ရစ်တဲ့ရုပ်အလောင်းကို သီပေါမြို့သို့ ပြန်လည်ယူဆောင်ခဲ့ပြီး နန်းဦးစေတီတော် ပရဝုဏ်အတွင်းမှာ အုတ်ပြဿာဒ်ပြုလုပ်ပြီး ထားရှိခဲ့ပါတယ်။
နောက်ပိုင်းကာလတွေမှာတော့ စော်ဘွားနဲ့ ဆွေတော်မျိုးတော်တွေကွယ်လွန်ကြတဲ့အခါ အုန်းပေါင် မြို့ဟောင်းတဝိုက်မှာ မြှုပ်နှံလေ့ ရှိကြပါတယ်။ သမိုင်းအရ တန်ဖိုးကြီးတဲ့နေရာတွေ ဖြစ်တဲ့အတွက် ကြောင့် သီပေါမြို့ကို ရောက်ရင် စော်ဘွားနဲ့ ဆွေတော်မျိုးတော်တွေ မြှုပ်နှံထားတဲ့ နေရာဆီကို သွားရောက် လည်ပတ်ဖို့ အကြံပြု တိုက်တွန်း ရေးသားလိုက်ပါတယ်။ ။
ကိုးကား – သီပေါကိုလတ်ရေး စာအုပ်များ
You may also like these stories:
နှစ်စဉ် ဟိန္ဒူဘာသာဝင် ၂ သိန်းကျော် လာရောက်လေ့ရှိတဲ့ လားရှိုးမြို့က ရှန်ခိုက်ပွဲတော်
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိုင်းခရီးသွားလုပ်ငန်း ဝင်ငွေများစွာ ထိခိုက်ဆုံးရှုံး
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ချင်းမိုင်ကို လာရောက်တဲ့ တရုတ်ခရီးသွား အရေအတွက် ကျဆင်း