ဆောင်းအကုန်နွေအကူးကာလဟာ ဘယ်နိုင်ငံဘယ်ဒေသမှာဖြစ်ဖြစ် လှပတဲ့ရှုခင်းတွေကို တွေ့မြင်ရတတ်စမြဲပါ။ အခုဖော်ပြပေးမယ့်အကြောင်းအရာကတော့ ခရီးသွားဝါသနာပါသူတွေနဲ့ သဘာဝရဲ့ အလှတရားကို တန်ဖိုးထားခံစားတတ်သူတွေအတွက် ရည်ရွယ်တဲ့ ဆောင်းရာသီရွက်ကြွေတွေကို အလှပဆုံးတွေ့မြင်နိုင်မယ့် နေရာဒေသတချို့အကြောင်းပဲဖြစ်ပါတယ်။
(၁) Sonoma County , California
Sonoma County ရဲ့ ရွက်ကြွေတွေကိုတော့ သစ်ပင်တွေရဲ့ အနီးတဝိုက်နဲ့ နွယ်ပင်တွေပေါ်အထိ တွေ့မြင်ကြရမှာဖြစ်ပြီး Sonoma တောင်ကြားတလျှောက် လမ်းကလေးမှာ ဝက်သစ်ချနဲ့ မေပယ်ရွက် ကြွေရောင်စုံတွေကို ရင်သပ်ရှုမောဖွယ် တွေ့ မြင်ကြရမှာပါ။
(၂) Northern New Mexico
New Mexico ရဲ့ မြောက်ဘက်မှာတော့ Rocky တောင်တန်းတွေနဲ့ ရာသီအလိုက် သစ်ရွက်ချင်းပွတ်တိုက်သံတွေ ဟာလည်း ငြိမ့်ငြိမ့်ညောင်းညောင်း တည်ရှိနေမှာဖြစ်ပါတယ်။ စက်တင်ဘာနဲ့ အောက်တိုဘာလတွေမှာတော့ သစ်ရွက်တွေအရောင်ဟာ ရွှေရောင်အဆင်းနဲ့ နေ့အလင်းရောင်အောက်မှာ တောက်ပနေမှာ အသေအချာပါ။
(၃) Gaspé Peninsula , Quebec , Canada
Quebec ကမ်းရိုးတန်းတလျှောက်က မေပယ်ရွက်တွေကတော့ Canada နိုင်ငံရဲ့ နိုင်ငံအလံတော်ကို သင်္ကေတပြုထား သလို ရဲရဲနီကြွေကျနေမှာဖြစ်ပါတယ်။ Forillon National Park ကနေလင်းပိုင်ကြည့်ရှုလိုသူတွေအတွက်တော့ အောက်တိုဘာလဟာ အထူးအသင့်တော်ဆုံးဖြစ်ပြီး လင်းပိုင်အမျိုးအစား ၇မျိုးအထိ တွေ့မြင်ကြရမှာဖြစ်ပါတယ်။
(၄) Douro Valley , Portugal
Douro ရဲ့ တောင်တွေကြားစီးဆင်းနေတဲ့ မြစ်ဟာ ပေါ်တူဂီနိုင်ငံကို ဖြတ်သန်းကာ ပင်လယ်ထဲ စီးဆင်းနေတာဖြစ်ပြီး စပျစ်ခြံတွေတခြံနဲ့တခြံထိစပ်နေသလိုမျိုး မြစ်ကမ်းနဖူးရဲ့ နေရာတိုင်းမှာ အနီ ၊ လိမ္မော် ၊ အဝါရောင်တွေနဲ့ ဆောင်းရာသီကို ကြိုဆိုနေကြတဲ့ မြင်ကွင်းအဖြစ် ခရီးသွားအများစု တင်စားခေါ်ဝေါ်လေ့ရှိကြတာပါ။(၅) Bavaria , Germany
Bavaria ရဲ့ ၂၂၄မိုင်(၃၆၀ ကီလိုမီတာ)ခန့် ရှည်လျား ကွေ့ကောက်လှတဲ့ လမ်းကလေးကို Romantic Road လို့ ဒေသခံတွေခေါ်တွင်ကြတာဖြစ်ပြီး Franconia ဝိုင်လုပ်ငန်းတွေဟာ လမ်းကလေးရဲ့ အစမှာတည်ရှိနေတာပါ။ ဒါ့အပြင် ရာစုနှစ်ပေါင်းများစွာတည်ရှိနေဆဲဖြစ်တဲ့ Rothenburg ob der Tauber နဲ့ Dinkelsbuhl စတဲ့ မြို့ဟောင်းတွေကိုပါ ဖြတ်သန်းသွားကြရမှာဖြစ်ပါတယ်။
Ref. www.nationalgeographic.com
You may also like these stories:
National Geographic မဂ္ဂဇင်းက ရွေးပေးတဲ့ ၂၀၂၀ ပြည့်နှစ်အတွက် အကောင်းဆုံး ခရီးစဉ်များ
ကနေဒါနိုင်ငံကို သွားလည်တဲ့အခါ သိထားသင့်တဲ့ အချက်များ