ပြီးခဲ့တဲ့ တနင်္လာနေ့ ၊ ဖေဖော်ဝါရီ ၂၄ ရက်နေ့ကပဲ ကူဝိတ်လေကြောင်းလိုင်း အာဏာပိုင်တွေအနေနဲ့ ထိုင်း၊ တောင်ကိုရီးယား၊ အီတလီစတဲ့နိုင်ငံတွေနဲ့ လေကြောင်းပျံသန်းမှု ယာယီဆိုင်းငံ့ လိုက်ပါတယ်။ ဒီလို ဆိုင်းငံ့ လိုက်ရတဲ့အကြောင်းဟာ ကူဝိတ်ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့ အညီဆောင်ရွက်ရတာဖြစ်ကြောင်း ကူဝိတ်သတင်းဌာနတခုဖြစ်တဲ့ KUNA မှာ ဖော်ပြထားပါတယ်။
ဒီကြေညာချက် မထုတ်ပြန်ခင် အစောပိုင်းကာလမှာတော့ ကူဝိတ်အစိုးရက အီရတ်နိုင်ငံနဲ့ လေကြောင်းပျံသန်းမှုကို ယာယီရပ်ဆိုင်းခဲ့ပါသေးတယ်။ အခုလို လေကြောင်းလိုင်းပျံသန်းမှုတွေ ကို ယာယီဆိုင်းငံ့လိုက်ရတဲ့အကြောင်းကတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့်ပါ။
အခုဆိုရင်တော့ ကူဝိတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားသူစုစုပေါင်း ၅ ယောက်အထိ ရှိလာခဲ့ပါပြီ။ ဒါကြောင့်လည်း ကူဝိတ်အစိုးရအနေနဲ့ ရောဂါထိန်းချုပ်နိုင်ဖို့ လေကြောင်းလိုင်းပျံသန်းမှုတွေကို ယာယီဆိုင်းငံ့ခြင်းပဲ ဖြစ်ပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူ ၇ ဦးသေဆုံးခဲ့ပြီး အီတလီနိုင်ငံမှာတော့ လူပေါင်း ၂၂၀ ကျော် ဗိုင်းရပ်စ်ကူးစက်ခံနေရတယ်လို့ Bangkokpost မှာ ဖော်ပြထားပါတယ်။ အီတလီမှာသေဆုံးသူပေါင်းက ၅ ယောက် အထိရှိသွားပြီလို့ သိရပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာလည်း ရောဂါကူးစက်မှုက အနီရောင်အဆင့်ရှိနေတဲ့အတွက် ဗီယက်နမ် လေကြောင်းလိုင်း တချို့အနေနဲ့ လေကြောင်းခရီးစဉ်တွေကို မတ်လလောက်အထိ ယာယီ ဆိုင်းငံ့ထားပါတယ်။
Vietnam Airline အနေနဲ့ တောင်ကိုရီးယားမြို့တော် ဆိုးလ်မြို့ရဲ့ Incheon အပြည် ပြည်ဆိုင်ရာလေဆိပ်နဲ့ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ လေဆိပ်ဖြစ်တဲ့ Noi Bai လေဆိပ်အကြား တိုက်ရိုက် လေယာဉ်ပြေးဆွဲမှုကို ယာယီဆိုင်းငံ့ကြောင်း ကြေညာခဲ့ပါတယ်။ အာဖဂန်နစ္စတန်၊ ဘာရိန်းနိုင်ငံမှာလည်း ရောဂါကူးစက်ခံထားသူတွေ ရှိနေပြီး အီရန်နိုင်ငံမှာတော့ လူ ၁၂ ယောက် အထိသေဆုံးသွားခဲ့ရပြီလို့ သိရပါတယ်။
အခုအချိန်မှာတော့ နိုင်ငံအများစုမှာ ပြည်ဝင်ခွင့် ယာယီ ဆိုင်းငံ့လိုက်သလို ပြည်ပထွက်ခွာခွင့်ကိုလည်း ယာယီ ဆိုင်းငံ့လိုက်ကြပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် နိုင်ငံပေါင်းများစွာမှာ စီးပွားရေးအရ ထိခိုက်နစ်နာမှုများစွာ ရှိနေပါတယ်။
Ref: Bangkokpost
You may also like these stories:
ကိုရိုနာဗိုင်းရပ်စ်ကြောင့် တောင်ကိုရီးယား ရုပ်ရှင်ရုံတွေမှာ လူမရှိ ဖြစ်နေ
တရုတ်နိုင်ငံပြင်ပ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အများဆုံးဖြစ်လာတဲ့ တောင်ကိုရီးယားနိုင်ငံ