ကိုရိုနာဗိုင်းရပ်စ်ဟာ နိုင်ငံတကာရဲ့ ခရီးသွားလုပ်ငန်းကို များစွာ ထိခိုက်စေပါတယ်။ ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းအနေနဲ့လည်း ၄ နှစ်တာကာလအတွင်း အဆိုးရွားဆုံး အခြေအနေနဲ့ ကြုံတွေ့နေရတယ်လို့ ထိုင်းခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့က ပြောပါတယ်။
ထိုင်းနိုင်ငံကို အဓိကလာရောက် လည်ပတ်တာ တရုတ်နိုင်ငံသားတွေဖြစ်ပြီး အခုချိန်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်ခရီးသွား အရေအတွက်လည်း ကျဆင်းနေပါတယ်။
ဇန်နဝါရီလအတွင်း ထိုင်းနိုင်ငံကို လာရောက် လည်ပတ်တဲ့ နိုင်ငံတကာ ခရီးသွားအရေအတွက် တိုးလာခဲ့ပေမယ့် ဖေဖော်ဝါရီလမှာတော့ ခရီးသွားအရေအတွက် ကျဆင်းသွားခဲ့ပါတယ်။ ထိုင်းခရီးသွား လုပ်ငန်းအုပ်ချုပ်ရေးမှူးဖြစ်သူ Yuthasak Supasorn ကလည်း မတ်လနဲ့ ဧပြီလအတွင်း နိုင်ငံတကာခရီးသွားအရေအတွက် ဆက်လက် ကျဆင်းနေလိမ့်ဦးမယ်လို့ ပြောပါတယ်။
မကြာခင် ဆုမ်ခရမ်ပွဲတော် ရောက်လာပါတော့မယ်။ ဒီတနှစ် ဆုမ်ခရမ်ပွဲတော်ကို ဧပြီ ၁၃ ကနေ ၁၅ ရက်နေ့အထိ ကျင်းပမှာဖြစ်ပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ခရီးသွားအရေအတွက် ကျဆင်းနေမှာ ဖြစ်တယ်လို့ ထိုင်းခရီးသွားလုပ်ငန်း အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ အခုအချိန်မှာတော့ ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရသူ ၄၃ ယောက်အထိ ရှိနေပြီး ၁ ယောက် သေဆုံးခဲ့ရပါပြီ။
ခရီးသွားလုပ်ငန်းဟာ ထိုင်းနိုင်ငံရဲ့ အဓိက ဝင်ငွေရနေတဲ့ စီးပွားရေး လုပ်ငန်းကြီး တခုပါ။ အခုလို ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေတဲ့အတွက် ထိုင်းနိုင်ငံအနေနဲ့ ဝင်ငွေ ဘတ် ၅၀၀ ဘီလီယံလောက် ဆုံးရှုံးရဖို့ရှိနေပါတယ်။
၂၀၁၉ ခုနှစ် အတွင်း ထိုင်းနိုင်ငံကို လာရောက် လည်ပတ်တဲ့ တရုတ်ခရီးသွား အရေအတွက် ၁၁ သန်းရှိခဲ့ပြီး ဝင်ငွေဘတ် ၅၄၄ ဘီလီယံ ရရှိခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကို ကုသနိုင်မယ့်ဆေး မရှိသေးတဲ့အတွက် ဘယ်အချိန်ထိတိုင်အောင် ဒီရောဂါ ဆက်လက် ဖြစ်ပွားနေဦးမလဲ မသိသေးပါဘူး။ အခုချိန်မှာတော့ တရုတ်နိုင်ငံ ပြင်ပမှာလည်း လူသေဆုံးမှုတွေ ဖြစ်ပေါ်နေပါတယ်။
ထိုင်းနိုင်ငံကို လာရောက် လည်ပတ်ဖို့ စီစဉ်ထားတဲ့ ဂျပန်ခရီးသွား ၈၀ ရာခိုင်နှုန်းလောက်ကလည်း ခရီးစဉ်ကို ပြန်လည် ဖျက်သိမ်းခဲ့ကြသလို လေကြောင်းလိုင်းတွေအနေနဲ့လည်း တရုတ်၊ ဟောင် ကောင်၊ ထိုင်ဝမ်၊ ဂျပန်၊ တောင်ကိုရီးယား၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်၊ အာရပ်စော်ဘွားများပြည်ထောင်စုကို လေကြောင်းပြေးဆွဲမှု ယာယီဆိုင်းငံ့ထားပါတယ်။
ထိုင်းနိုင်ငံကို အများဆုံး လာရောက် လည်ပတ်တဲ့ နိုင်ငံတကာခရီးသွားတွေထဲမှာ ဂျပန်နိုင်ငံက တတိ ယနေရာက ရှိနေပါတယ်။ ၂၀၁၉ ခုနှစ်အတွင်း ဂျပန်ခရီးသွားတွေထံကနေ ထိုင်းနိုင်ငံဟာ ဝင်ငွေ ဘတ် ၈၉ ဒဿမ ၈ ဘီလီယံ ရရှိခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်အတွင်း ထိုင်းနိုင်ငံကို လာရောက်တဲ့ ဂျပန်ခရီးသွားအရေအတွက် ၁ ဒဿမ ၈ သန်း ရှိခဲ့ပြီး တရုတ် ၊ မလေးရှားပြီးရင် အများဆုံး အရေအတွက်ပါပဲ။
Ref: Bangkokpost
You may also like these stories:
အီတလီနိုင်ငံ၊ မြို့ပေါင်း ၁၁ မြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုများ ဖြစ်ပွားနေ
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရတဲ့ အီတလီနဲ့ ဥရောပနိုင်ငံများ
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကူဝိတ်မှာ လေကြောင်းလိုင်းအချို့ ပျံသန်းမှု ယာယီ ဆိုင်းငံ့ထား