ဥရောပနိုင်ငံတွေထဲမှာဆိုရင်တော့ အီတလီနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း မြန်ဆန်နေတဲ့ နိုင်ငံတနိုင်ငံပါပဲ။ ဒီကနေ့ မနက်ခင်းပိုင်း ဖော်ပြချက်တွေအရ အီတလီနိုင်ငံမှာ လူပေါင်း ၂,၀၀၀ ကျော် ဗိုင်းရပ်စ်ကူးစက်ခံနေရပြီး ၇၉ ယောက် သေဆုံးခဲ့ပါတယ်။
ဗိုင်းရပ်စ် ကူးစက်မှုနှုန်း မြန်ဆန်နေတဲ့အတွက် အကြောင်းကိစ္စ မရှိဘဲ အီတလီနိုင်ငံကို ခရီးမထွက်ကြဖို့ အမေရိကန်နိုင်ငံက ထုတ်ပြန် ကြေညာထားပါတယ်။
အမေရိကန်နိုင်ငံသားတွေအနေနဲ့ အီတလီနိုင်ငံကို အများဆုံး ခရီးသွားရောက်လေ့ ရှိကြပါတယ်။ ၂၀၁၈ ခုနှစ်အတွင်း အီတလီနိုင်ငံကို လာရောက် လည်ပတ်ခဲ့တဲ့ အမေရိကန်နိုင်ငံသား အရေအတွက် ၅ ဒဿမ ၆ သန်းရှိခဲ့ပြီး ဂျာမနီနိုင်ငံ ပြီးရင် ဒုတိယအများဆုံး လာရောက်ကြတဲ့ အရေအတွက်ပါ။
အီတလီနိုင်ငံရဲ့ မြို့တော်တော်များများမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရပြီး ရောဂါ အစပျိုးချိန်ဟာ ၁၄ ရက်တာကာလ ရှိတာကြောင့် ကူးစက်ခံရသူတွေ ထပ်တိုးလာဖို့ ရှိနေကြောင်း အီတလီ အာဏာပိုင်တွေက ပြောပါတယ်။
အမေရိကန်လေကြောင်းလိုင်း တချို့အနေနဲ့လည်း မီလန်မြို့နဲ့ လေကြောင်းပျံသန်းမှုကို ယာယီဆိုင်း ငံ့ထားလိုက်ပါတယ်။ ဒါကြောင့်လည်း အမေရိကန်ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း မြန်ဆန်နေတဲ့ အီတလီ မြောက်ပိုင်းဒေသတွေကို အကြောင်းကိစ္စ မရှိဘဲ ခရီးမသွားကြဖို့ အမေရိကန်အာဏာပိုင်တွေက သတိပေးထားပါတယ်။
တရုတ်နိုင်ငံပြင်ပမှာဆိုရင်တော့ တောင်ကိုရီးယားနိုင်ငံပြီးရင် အီတလီနိုင်ငံက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း အများဆုံးနိုင်ငံဖြစ်ပြီး လူသေဆုံးမှုနှုန်းကလည်း တဟုန်တိုး များပြားလာနေပါတယ်။ ပြီးခဲ့ တဲ့ ရက်ပိုင်းအတွင်းမှာတော့ အီတလီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ပမာဏ ၅၀ ရာခိုင်နှုန်းအထိ တိုးလာခဲ့ပါတယ်။
အခုအချိန်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရတဲ့ နိုင်ငံတွေကို ခရီးမထွက်ကြဖို့ သတိပေးလမ်း ညွှန်ချက်တွေကို ထုတ်ပြန်လာကြပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် နိုင်ငံတကာမှာ စီးပွားရေး ကျဆင်းမှုတွေရှိနေပြီး စက်ရုံတချို့ ပိတ်ထားရပါတယ်။
မြန်မာနိုင်ငံအနေနဲ့ဆိုရင်လည်း သီလဝါဆိပ်ကမ်းမှာ ဆိုက်ကပ်ဖို့ စီစဉ်ထားတဲ့ ကမ္ဘာလှည့်ခရီးသည် ၈၀၀ ပါဝင်တဲ့ အပျော်စီးသင်္ဘောကို ကမ်းကပ်ခွင့် မပြုခဲ့ပါဘူး။ အဲဒီ အပျော်စီးသင်္ဘောဟာ မတ်လ ၄ ရက်နေ့မှာ မြန်မာနိုင်ငံကို ဝင်ရောက်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
Ref: thejakartapost
You may also like these stories:
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိုင်းခရီးသွားလုပ်ငန်း ၄ နှစ်အတွင်း အခြေအနေ ဆိုးရွားနေ
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ လက္ခဏာ ပြသသူများအား စောင့်ကြည့်နေ
အရှေ့တောင်အာရှနိုင်ငံအချို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့ သွားမှာ ပညာရှင်များ စိုးရိမ်နေ