အခုဆိုရင်တော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရတဲ့ နိုင်ငံပေါင်း ၁၁၄ နိုင်ငံအထိရှိနေပြီး အိန္ဒိယနိုင်ငံမှာ ရောဂါကူးစက်ခံနေရသူ ၆၂ ယောက်အထိ ရှိနေပြီလို့ သိရပါတယ်။
ဒါကြောင့်လည်း အိန္ဒိယအစိုးရအနေနဲ့ သံတမန်တွေ၊ ကုလသမဂ္ဂအဖွဲ့အစည်းတွေကလွဲပြီး နိုင်ငံ အားလုံးကို ဧပြီ ၁၅ ရက်နေ့အထိ ဗီဇာဆိုင်းငံ့လိုက်ပါတယ်။ အခုဆုံးဖြတ်ချက်ဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကနေ ကိုရိုနာဗိုင်းရပ်စ်ဟာ ကူးစက်မြန်ရောဂါ၊ ကပ်ရောဂါတမျိုး ဖြစ်ကြောင်း တရားဝင် ကြေညာချက် ထွက်ပေါ် လာပြီးနောက်ပိုင်း အိန္ဒိယအစိုးရက ကြေညာခဲ့တာ ဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း မြန်ဆန်နေတဲ့ တရုတ်၊ အီရန်၊ အီတလီ၊ တောင်ကိုရီးယား၊ ပြင်သစ်၊ စပိန်၊ ဂျာမနီ စတဲ့ နိုင်ငံတွေကို သွားရောက်ခဲ့ကြတဲ့ အိန္ဒိယနိုင်ငံသားတွေကိုလည်း ၁၄ ရက် ကြာတဲ့အထိ သီးသန့်ခွဲထားပြီး စောင့်ကြည့် စစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ အိန္ဒိယအစိုးရက ကြေညာခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရနိုင်တဲ့ နိုင်ငံတွေကိုလည်း မလိုအပ်ဘဲ ခရီးမသွားကြဖို့ အိန္ဒိယအစိုးရက တိုက်တွန်းထားတယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံ၊ ဝူဟန်မြို့ကနေ စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာရောဂါဟာ ကမ္ဘာ့ကပ်ရောဂါတခု ဖြစ်လာနေပါတယ်။ ဒါကြောင့်လည်း ကမ္ဘာတဝှမ်းမှာ လူပေါင်း ၄ ထောင်ကျော် သေဆုံးခဲ့ရပါတယ်။
အိန္ဒိယနိုင်ငံမှာ ရောဂါကူးစက်နေရသူ အများစုဟာ အီတလီနဲ့ အရှေ့အလယ်ပိုင်းဒေသကို ခရီးသွားခဲ့ကြသူတွေ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ရောဂါကူးစက်ခံရနိုင်တဲ့ နိုင်ငံတွေကို ခရီးမသွားကြဖို့ အိန္ဒိယအစိုးရ တိုက်တွန်းနေရခြင်း ဖြစ်ပါတယ်။
Ref: cbsnews