ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများကြောင့် ကမ္ဘောဒီးယားနိုင်ငံမှာ နိုင်ငံ ၅ နိုင်ငံကို ရက် ၃၀ ပြည်ဝင်ခွင့် ယာယီ ပိတ်လိုက်ပါတယ်။
ကမ္ဘောဒီးယားမှာ မတ်လ ၁၇ ရက်နေ့မှ စတင်ကာ ရက်ပေါင်း ၃၀ ပြည်ဝင်ခွင့် ယာယီ ပိတ်ပင်လိုက်တဲ့ နိုင်ငံတွေကတော့ အီတလီ၊ ဂျာမနီ၊ စပိန်၊ ပြင်သစ်နဲ့ အမေရိကန်နိုင်ငံတို့ ဖြစ်ပါတယ်။ ကမ္ဘောဒီးယားအစိုးရအနေနဲ့ ကိုရိုနာကူးစက်မှုနှုန်း မြန်ဆန်နေတဲ့ အီရန်၊ တောင်ကိုရီးယား၊ ဂျပန်နဲ့ တရုတ်နိုင်ငံတို့ကိုတော့ ကန့်သတ်ထားတာ မရှိသေးဘူးလို့လည်း သိရပါတယ်။
ကမ္ဘောဒီးယား ကျန်းမာရေးဝန်ကြီးဌာနရဲ့ပြောခွင့်ရပုဂ္ဂိုလ် Or Vandine ကလည်း “ကမ္ဘောဒီးယားမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရတဲ့ နိုင်ငံခြားသားတွေကို တွေ့လာရတဲ့အတွက် အခုလို ပြည်ဝင်ခွင့်ယာယီ ဆိုင်းငံလိုက်ရတယ်”လို့ ပြောပါတယ်။
အခုဆိုရင်တော့ ကမ္ဘောဒီးယားမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက် ပိုမိုများပြားလာပြီး ၄ လသားအရွယ် ပြင်သစ် ကလေးတယောက်လည်း ပါဝင်ပါတယ်။ ဒါကြောင့်လည်း ကမ္ဘောဒီးယားအစိုးရအနေနဲ့ ပြင်သစ်အပါအဝင် နိုင်ငံ ၅ နိုင်ငံကို ပြည်ဝင်ခွင့် ယာယီ ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။
ကျန် ရောဂါကူးစက်ခံရသူတွေဟာ မလေးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ ဘာသာရေး အခမ်းအနားတခုကို သွားရောက်ပြီး အပြန်မှာ ကူးစက်ခဲ့တာဖြစ်တယ်လို့ ကမ္ဘောဒီးယား ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားပါတယ်။
ရောဂါ ကူးစက်ခံထားရတဲ့ ပြင်သစ်ကလေးငယ်ဟာ ပဲရစ်ကနေ စင်ကာပူကို သွားရောက်ပြီးနောက် ဖနွမ်းပင်မြို့ကို လာရောက်ခဲ့ပါတယ်။ မိသားစု ၃ ယောက် ပါဝင်တဲ့ ပြင်သစ် မိသားစုမှာ အဖေနဲ့ ကလေးထံ ရောဂါ ကူးစက်ခံထားရပေမယ့် မိခင်မှာတော့ ရောဂါ ကူးစက်ခံထားတာ မရှိဘူးလို့ ကမ္ဘောဒီးယား ကျန်းမာရေးဝန်ကြီဌာနက သတင်းထုတ်ပြန်ထားပါတယ်။
ပထမဆုံး တွေ့ရှိခဲ့တဲ့ ဗိုင်းရပ်စ် ကူးစက်ခံရသူ ကမ္ဘောဒီးယားနိုင်ငံသားဟာ ဂျပန်လူမျိုး တယောက်နဲ့ ထိတွေ့ဆက်ဆံခဲ့သူ ဖြစ်တယ်လို့ ကမ္ဘောဒီးယား ကျန်းမာရေးဝန်ကြီဌာနက ဆိုပါတယ်။ ရောဂါကူးစက်ခံထားရသူတွေကို ကြည့်ရင် ရောဂါဖြစ်ပွားနေတဲ့ နိုင်ငံသားတွေနဲ့ ထိတွေ့ ဆက်ဆံခဲ့ကြသူတွေ ဖြစ်ပြီး ရောဂါဖြစ်ပွားနေတဲ့ နိုင်ငံတွေကို သွားရောက် လည်ပတ်ခဲ့ကြသူတွေ ဖြစ်ပါတယ်။
ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Sen ကလည်း ဥရောပ၊ အမေရိကန်နဲ့ အီရန်နိုင်ငံတွေကို ခရီး မသွားကြဖို့ အမိန့်ထုတ်ပြန်ထားပါတယ်။ သတ်မှတ်ထားတဲ့ နိုင်ငံတွေကကနေ ခရီးသွားပြီး ပြန်လာသူတွေကိုလည်း ၁၄ ရက်ကြာ သီးသန့်ခွဲထားပြီး စောင့်ကြည့် စစ်ဆေးမှုတွေ လုပ်သွားမယ်လို့ အမိန့်ထုတ်ထားပါတယ်။
ကမ္ဘောဒီးယားကို လာရောက် လည်ပတ်တဲ့ ဘယ်လ်ဂျီယံ နိုင်ငံသားတယောက်နဲ့ ကနေဒါ နိုင်ငံသားတယောက်မှာလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ ကမ္ဘောဒီးယား ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Ref. voacambodia, Channelnewsasia
You may also like these stories
ကိုရိုနာကြောင့် နယူးယောက်မှာ ပြဇာတ်ရုံ၊ စားသောက်ဆိုင်နဲ့ ကျောင်းများ ပိတ်ထား
လုပ်ငန်းခွင်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခြင်းကို ကာကွယ်ရန် နည်းလမ်းများ
ပြင်သစ်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် စားသောက်ဆိုင်၊ ကလပ်နဲ့ ရုပ်ရှင်ရုံတွေ အားလုံး ပိတ်ထား