ကိုရိုနာဗိုင်းရပ်စ် (Covid-19) ရောဂါဟာ တကမ္ဘာလုံးကို ကူးစက် ပျံ့နှံ့နေတဲ့ ရောဂါတမျိုး ဖြစ်နေပါတယ်။ ဒါကြောင့်လည်း နိုင်ငံတကာမှာ ပြည်ဝင်ခွင့် ယာယီဆိုင်းငံ့လာကြပါတယ်။
အီးယူနိုင်ငံတွေအနေနဲ့လည်း မလိုအပ်တဲ့ နိုင်ငံခြား ခရီးသွား ဝင်ရောက်မှုကို ပြည်ဝင်ခွင့် ယာယီပိတ်ပင်လိုက်ပါတယ်။ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့အတွက် လူမှုဆက်ဆံရေးတွေအားလုံး လျှော့ချသွားဖို့လိုအပ်တယ်လို့ အီးယူကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen က ပြောပါတယ်။
ကျန်းမာရေးစောင့်ရှောက်မှုကို ပိုမိုလုပ်ဆောင်ဖို့ လိုအပ်တယ်လို့လည်း သူက ပြောပါတယ်။ ခရီးသွားလာမှု များလေလေ၊ ဗိုင်းရပ်စ်ကူးစက်ခံရနိုင်ခြေ ပိုများလေလေပါပဲ။ အခုဆိုရင်တော့ Boris Johnson က ယူကေနိုင်ငံသားတွေအနေနဲ့ အိမ်ကနေပဲ အလုပ်လုပ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ လူစည်ကားတဲ့ စားသောက်ဆိုင်နဲ့ အရက်ဘားတွေကိုလည်း ရှောင်ကြဉ်ကြဖို့ တိုက်တွန်းထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ဟာ ဘယ်ချိန်အထိ ဆက်ပြီး ဖြစ်ပွားနေဦးမလဲဆိုတာ မသိရသေးပါဘူး။ ဒါကြောင့် အီးယူနိုင်ငံတွေအနေနဲ့ နိုင်ငံခြားသား ဝင်ရောက်မှုကို ရက် ၃၀ ကြာ ရပ်ဆိုင်းလိုက်တာ ဖြစ်ပါတယ်။ လိုအပ်ရင် နောက်ထပ် သက်တမ်း တိုးသွားမယ်လို့လည်း သိရပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဟာ တကမ္ဘာလုံး အတိုင်းအတာနဲ့ ပိုမို များပြားလာပါတယ်။ အခုဆိုရင် ဥရောပနိုင်ငံတွေမှာ ဗိုင်းရပ်စ် ကူးစက်မှုနှုန်း ပိုများလာပါတယ်။
ပြင်သစ်သမ္မတ Emmanuel Macron ကလည်း အခုဆုံးဖြတ်ချက်ကို နိုင်ငံခေါင်းဆောင်တွေ အားလုံးက အတည်ပြုလိုက်ပြီ ဖြစ်ကြောင်း ပြောခဲ့ပါတယ်။ ဥရောပနဲ့ ဥရောပ မဟုတ်တဲ့ နိုင်ငံတွေအကြား ခရီးသွားမှုကို ရက်ပေါင်း ၃၀ ဆိုင်းငံ့ထားလိုက်ကြောင်း ရုပ်မြင်သံကြားကနေ ပြောကြားခဲ့ပါတယ်။ အခုဆိုရင်တော့ ပြင်သစ်နိုင်ငံသားတွေအနေနဲ့ ဖြစ်နိုင်ရင် အိမ်ကနေပဲ အလုပ်လုပ်ကြဖို့ ပြင်သစ် သမ္မတက တိုက်တွန်းထားပါတယ်။
လူစုလူဝေးနဲ့ ကျင်းပတဲ့ ပွဲလမ်းသဘင်တွေကိုလည်း ၁၅ ရက်တိုင်အောင် မကျင်းပဖို့ တားမြစ်ချက် ထုတ်ထားပါတယ်။ စူပါမားကတ်၊ ဆေးဆိုင်နဲ့ လုပ်ငန်းခွင် သွားလာတာမျိုးကိုသာ ခွင့်ပြုထားပါတယ်။ ပြင်သစ်နိုင်ငံရဲ့သမိုင်းမှာ အခုလို တိတ်ဆိတ်တဲ့ ကာလမျိုး မရှိခဲ့ဖူးသေးပါဘူး။ ကိုယ်ချစ်မြတ်နိုးရတဲ့လူတွေကိုလည်း နောက်တခါ ပြန်မြင်ဖို့ မလွယ်ကူတော့ဘူးလို့ ပြင်သစ်သမ္မတက ပြောကြားခဲ့ပါတယ်။
Ref: independent.co.uk
You may also like these stories:
ဗြိတိသျှမင်းသား Idris Elba ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း အတည်ပြု
ကိုရိုနာကြောင့် ကမ္ဘောဒီးယားမှာ နိုင်ငံ ၅ နိုင်ငံကို ပြည်ဝင်ခွင့် ယာယီပိတ်
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတဲ့ မင်းသားကြီး Tom Hanks ဆေးရုံက ဆင်းပြီ