လူဦးရေ စုစုပေါင်း ၂၆၅ သန်းရှိပြီး ကမ္ဘာပေါ်မှာ စတုတ္ထမြောက် လူဦးရေအများဆုံးနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံဟာ လူဦးရေများပြားလွန်းတဲ့အတွက်ကြောင့်လည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက် ရောဂါ ခြိမ်းခြောက်မှုဒဏ်ကို ခံနေရပါတယ်။ ဒီကနေ့အချိန်ထိတော့ အင်ဒိုနီးရှားနိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်ခံနေရသူစုစုပေါင်း ၁၇၂ ယောက်ရှိသွားပြီး လူသေဆုံးမှုလည်းရှိခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရသူအများစုဟာ နိုင်ငံရပ်ခြားကပြန်လာသူတွေဖြစ်ကြပြီး နိုင်ငံခြားသားတွေနဲ့ ထိတွေ့ ပတ်သက်ခဲ့ကြသူတွေဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဟာ အင်ဒိုနီးရှား လူလတ်တန်းစားတွေကို များစွာအကျိုးသက်ရောက်မှု ရှိစေပါတယ်။
ရောဂါကူးစက်မှုနှုန်း များပြားလာနေတဲ့အတွက် အီတလီ ၊ ဗာတီကန်စီးတီး ၊ စပိန် ၊ ပြင်သစ် ၊ ဂျာမနီ ၊ ယူကေ ၊ အီရန် စတဲ့နိုင်ငံတွေကို ပြည်ဝင်ခွင့်ကန့်သတ်လိုက်သလို အဲဒီဒေသတွေကို ၁၄ ရက်တာကာလအတွင်း သွားရောက်လည်ပတ်ခဲ့ကြသူတွေကိုလည်း ပြည်ဝင်ခွင့်ပေးမှာမဟုတ်ဘူးလို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi ကကြေညာလိုက်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၃၈ ယောက် အသစ်ထပ်မံတွေ့ရှိပြီးတဲ့နောက် ဒီကြေညာချက်ထွက်ပေါ်လာခဲ့ပြီး မတ်လ ၂၀ ရက်နေ့ ကနေ စတင် ကန့်သတ်တော့မှာ ဖြစ်ပါတယ်။ နောက်လက စတင်ပြီး အင်ဒိုနီးရှားနိုင်ငံကို လာရောက်လည်ပတ်လိုတဲ့ နိုင်ငံခြားသားတွေဟာ သက်ဆိုင်ရာ အမိနိုင်ငံကနေ ကျန်းမာရေးထောက်ခံချက် ယူဆောင်လာရပါမယ်။ ကျန်းမာရေးထောက်ခံစာ တင်ပြနိုင်မှသာ ဗီဇာလျှောက်ထားနိုင်မယ်လို့ နိုင်ငံခြားရေးဝန်ကြီးရုံးက ကြေညာခဲ့ပါတယ်။
တရုတ်နဲ့ တောင်ကိုရီးယားနိုင်ငံက ခရီးသွားတွေအတွက်လည်း ကန့်သတ်ချက်တွေရှိနေတုန်းပဲလို့ သိရပါတယ်။ ဖော်ပြခဲ့တဲ့နိုင်ငံတွေကနေ ပြန်လာကြတဲ့ အင်ဒိုနီးရှားနိုင်ငံသားတွေကိုလည်း ၁၄ ရက်ကြာ စောင့်ကြည့်စစ်ဆေးမှုတွေပြုလုပ်ပါလိမ့်မယ်။
မြန်မာနိုင်ငံအနေနဲ့လည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုမြင့်တက်နေတဲ့ တရုတ် ၊ တောင်ကိုရီးယား ၊ အီတလီ ၊ အီရန် ၊ စပိန် ၊ ပြင်သစ်နဲ့ ဂျာမနီနိုင်ငံတွေကို ပြည်ဝင်ခွင့် ကန့်သတ်လိုက်ပါတယ်။ အဲဒီဒေသတွေကို လွန်ခဲ့တဲ့ ၁၄ ရက်အတွင်း သွားရောက်ခဲ့ကြသူတွေကိုလည်း သတ်မှတ်ထားတဲ့နေရာတွေမှာ အသွားအလာတားမြစ်ပိတ်ပင်ခြင်း ၊ ကန့်သတ်ခြင်းတွေလုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
Ref:channelnewsasia,straitstimes
ဥရောပ အပါအဝင် ၇ နိုင်ငံ မြန်မာ ပြည်ဝင်ခွင့် ကန့်သတ်
မလေးရှားတွင် ကိုရိုနာဗိုင်းရပ်စ် ၆၇၃ ယောက် ကူးစက်ခံရပြီး ၂ ဦးသေဆုံး