ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာ့စီးပွားရေး အခြေအနေက ယိမ်းယိုင်လာနေပြီး လုပ်ငန်းအများစုလည်း အရှုံးတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ကုမ္ပဏီတချို့လည်း ပိတ်သိမ်းသွားတဲ့အတွက် ဝန်ထမ်းတွေ အလုပ်လက်မဲ့ ဖြစ်ကုန်ကြပါတယ်။ သြစတြေးလျ အစိုးရအနေနဲ့လည်း နိုင်ငံသားတွေကို ခရီးသွားခြင်းကနေ ရှောင်ရှားဖို့ မကြာသေးခင်က အကြံပေးချက် ထုတ်ပြန်ခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ဟာ ခရီးသွားလုပ်ငန်းကိုလည်း အကြီးအကျယ် ထိခိုက်လာပါတယ်။ ခရီးသွားလုပ်ငန်းနဲ့ သက်ဆိုင်တဲ့ လေကြောင်းလိုင်း၊ ဟိုတယ်နဲ့ စားသောက်ဆိုင် လုပ်ငန်းတွေရဲ့စီးပွားရေးကို ထိခိုက်လာတဲ့အတွက် ဝန်ထမ်းအင်အား လျှော့ချတာမျိုးတွေ လုပ်လာကြပါတယ်။
သြစတြေးလျနိုင်ငံရဲ့ နာမည်ကြီး Qantas လေကြောင်းလိုင်းဟာ အခုဆိုရင် နိုင်ငံတကာလေကြောင်းလိုင်း ခရီးစဉ်တချို့ကို ပျံသန်းခြင်း မပြုနိုင်တော့တဲ့အတွက် Qantas လေကြောင်းလိုင်းအနေနဲ့ မတ်လကုန်ခါနီးမှာ ဝန်ထမ်းအင်အား သုံးပုံနှစ်ပုံကို အလုပ်က ရပ်ဆိုင်းသွားမယ်လို့ သိရပါတယ်။
Qantas လေကြောင်းလိုင်းမှာ လုပ်ကိုင်နေကြတဲ့ ဝန်ထမ်းပေါင်းက ၃ သိန်း ဝန်းကျင်ရှိပါတယ်။ သြစတြေးလျ အလုပ်သမားသမဂ္ဂကတော့ Qantas လေကြောင်းလိုင်းရဲ့ဆုံးဖြတ်ချက်ကို ရှုတ်ချလိုက်ပါ တယ်။ စက်မှုဝန်ကြီးဖြစ်တဲ့ Christian Porter ကတော့ ဝယ်လိုအား ကျဆင်းနေချိန်မှာ Qantas လေကြောင်းလိုင်းရဲ့ စီမံခန့်ခွဲမှုကို ချီးကျူးလိုက်ပါတယ်။
သြစတြေးလျ ကုမ္ပဏီကြီးတွေရဲ့ကြေညာချက်တွေဟာ ဝန်ထမ်းတွေအပေါ် အကျိုးသက်ရောက်မှု ရှိ နေတာတော့ အမှန်ပါပဲ။ ဒါပေမဲ့လည်း အခုဖြစ်ပျက်နေတဲ့ ကိစ္စတွေဟာ ကံအကြောင်းမလှတဲ့ ဖြစ်ရပ်မှန်ကိစ္စတွေသာ ဖြစ်ပါတယ်လို့ သူက ပြောခဲ့ပါတယ်။
အခုဆိုရင် လေကြောင်းလိုင်းတွေမှာ ခရီးသွားတွေကို တင်ဆောင် ပျံသန်းခွင့် မရှိတော့တဲ့အတွက် ကုန်တွေ တင်ဆောင်ပြီး အဓိက ပျံသန်းနေရပါတယ်။ လေကြောင်းလိုင်းတွေနဲ့ နီးစပ်တဲ့ သတင်းတွေအရ ကုန်ပစ္စည်း တင်ဆောင်ပျံသန်းမှု ဝယ်လိုအားက သိသိသာသာ တိုးလာခဲ့တယ်လို့ သိရပါတယ်။
Qantas လေကြောင်းလိုင်းအနေနဲ့ အစိုးရရဲ့ဘယ်လို တောင်းဆိုချက်မျိုးကိုမဆို လိုက်နာသွားမှာဖြစ်ပြီး အိမ်ပြန်ချင်တဲ့ သြစတြေးလျနိုင်ငံသားတွေကို တင်ဆောင်ပေးသွားမယ်လို့ သိရပါတယ်။
Ref: theage
You may also like these stories:
တောမီးကြောင့် သြစတြေးလျ စီးပွားရေးထိခိုက်မှု မြင့်မားလာ
“ဒီနှစ်အားလပ်ရက်” အမည်ရှိတဲ့ ခရီးသွားအစီအစဉ်ကို စတင်လိုက်တဲ့ သြစတြေးလျ
မလိုအပ်ဘဲ လူစုဝေးခြင်းကို သြစတြေးလျနိုင်ငံမှာ ပိတ်ပင်