ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ဖို့အတွက် ကမ္ဘာ့နိုင်ငံအများစုမှာ ပြည်ဝင်ခွင့်တွေ ယာယီဆိုင်းငံ့နေ သလို ဗီယက်နမ်အစိုးရ အနေနဲ့လည်း ခရီးသွားဗီဇာ အားလုံးကို ၂ ပတ် ဆိုင်းငံ့လိုက်ကြောင်း ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်ဟာ နိုင်ငံအားလုံးနဲ့ သက်ဆိုင်ကြောင်း ဟနွိုင်း ပြည်သူ့ကော်မတီရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
နိုင်ငံခြားက ဝင်ရောက်လာသူတွေဟာ ဗိုင်းရပ်စ်ပိုး အများဆုံး သယ်ဆောင်နိုင်ပြီးတော့ ဗီယက်နမ်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဗိုင်းရပ်စ် ကူးစက်ခံရသူတွေထဲမှာ နိုင်ငံခြားသားတွေ ပါဝင်ပါတယ်။ ကူးစက်ခံခဲ့ရတဲ့ ဗီယက်နမ် နိုင်ငံသားတွေကလည်း နိုင်ငံခြားသားတွေနဲ့ ထိတွေ့ ပတ်သက်ခဲ့ကြသူတွေ ဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့်လည်း နိုင်ငံခြားသားအားလုံးကို ၂ ပတ်ကြာ ဗီဇာဆိုင်းငံ့လိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ဖို့ မြို့တော်ဟနွိုင်းမှာ နေထိုင်ကြသူ အားလုံးကို မတ်လကုန် အထိ အိမ်ပြင် မထွက်ကြဖို့ မြို့တော်အုပ်ချုပ်ရေးအဖွဲ့က အကြံပြုထားပါတယ်။ ဗီယက်နမ်နိုင်ငံမှာ နေ့စဉ်ဆိုသလို ဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက် မြင့်တက်နေပြီး အခုဆိုရင်တော့ ရောဂါ ကူးစက်ခံရသူ ၇၆ ယောက်နဲ့ ကျန်းမာရေး ပြန်လည် ကောင်းမွန်လာခဲ့သူ ၁၆ ယောက် ဆေးရုံက ဆင်းနိုင်ခဲ့ပါတယ်။
မြို့တော် ဟနွိုင်းမှာဆိုရင်လည်း စာသင်ကျောင်းတွေ၊ ဖျော်ဖြေရေးလို နေရာမျိုးတွေကို ပိတ်ထား တယ်လို့ သိရပါတယ်။ အခုလို ပြုလုပ်ရခြင်းဟာ နောင်ကြုံတွေ့လာမယ့် အခြေအနေတွေအတွက် ကြိုတင် ပြင်ဆင်ထားခြင်းဖြစ်တယ်လို့ ဟနွိုင်းပြည်သူ့ကော်မတီက ပြောပါတယ်။
ကူးသန်း ရောင်းဝယ်ရေး ကော်မတီရဲ့ ကြေညာချက်အရ မကြာခင် ရက်ပိုင်းအတွင်းမှာ ကူးစက်ခံရသူ အရေအတွက် ပိုမိုများပြားလာနိုင်မယ်လို့ သိရပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ဖို့ ဗီယက်နမ်နိုင်ငံက အစွမ်းကုန် ကြိုးစားနေပါတယ်။ ဒါကြောင့်လည်း အကြောင်းကြီးငယ် မရှိဘဲ အပြင်မထွက်ကြဖို့ ဟနွိုင်းဥက္ကဋ္ဌ Nguyen Duc Chung က ပြောပါတယ်။ ဗီယက်နမ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရသူ ၇၆ ယောက် ရှိတဲ့အနက် ၂၀ ယောက်က ဟနွိုင်းမြို့ကဖြစ်ပြီး အများစုက ဥရောပနိုင်ငံတွေကို သွားရောက် လည်ပတ်ခဲ့ကြသူတွေ ဖြစ်ပါတယ်။
ဟနွိုင်းမြို့က စာသင်ကျောင်းတွေကို ဧပြီ ၅ ရက်နေ့အထိ ပိတ်ထားမှာဖြစ်ပြီး ရုပ်ရှင်ရုံ၊ ကလပ်၊ ဘား၊ အနှိပ်ခန်း၊ အွန်လိုင်းဂိမ်းစင်တာတွေကို မတ်လကုန်အထိ ပိတ်ထားမယ်လို့ သိရပါတယ်။
Ref: channelnewsasia
You may also like these stories:
ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်မှု ကာလမှာ ပြန်ကြည်လင်လာတဲ့ ဗင်းနစ်မြို့မှ ရေများ
ကိုရိုနာဗိုင်းရပ်စ်ကြောင့် သြစတြေးလျ လေကြောင်းလိုင်း ဝန်ထမ်းများ အလုပ်လက်မဲ့ဖြစ်
မလေးရှားတွင် ကိုရိုနာဗိုင်းရပ်စ် ၆၇၃ ယောက် ကူးစက်ခံရပြီး ၂ ဦးသေဆုံး