မြန်မာနိုင်ငံမှာ မတ်လ ၂၃ ရက်နေ့က ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါ ကူးစက်ခံရသူ ၂ ယောက် တွေ့ရှိခဲ့ပြီးနောက် မတ်လ ၂၅ ရက်နေ့မှာ နောက်ထပ် ၁ ဦး ထပ်မံ တွေ့ရှိခဲ့တာကြောင့် လက်ရှိမှာ COVID-19 ကူးစက်ခံရသူ ၃ ယောက် ရှိသွားပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားပါတယ်။
ကူးစက်ခံရသူ ၃ ယောက်လုံးဟာ ပြည်ပနိုင်ငံတွေကနေ ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေပါ။ ဒါကြောင့်လည်း မြန်မာအစိုးရအနေနဲ့ COVID-19 နဲ့ ပတ်သက်ပြီး တင်းကြပ်တဲ့ စည်းကမ်းချက်တွေကို ထုတ်ပြန်လာပါတယ်။
ကမ္ဘာ့နိုင်ငံ အသီးသီးကနေ လာရောက်ကြမယ့် ခရီးသွား ဧည့်သည်တွေကတဆင့် COVID-19 ဟာ ကူးစက်သွားနိုင်ပါတယ်။ ခုချိန်မှာတော့ ကူးစက်ခံရမယ့် အလားအလာတွေကလည်း များလာနေပါပြီ။ ပြည်ပက ဝင်ရောက်လာမယ့် မြန်မာနိုင်ငံသားတွေ အပါအဝင် နိုင်ငံတကာခရီးသွား ဧည့်သည်တွေကို အထူးထိန်းချုပ်ဖို့ လိုအပ်လာနေပါပြီ။
နိုင်ငံတကာကနေ ဝင်ရောက်လာကြမယ့် မြန်မာနိုင်ငံသားတွေကို စတင်ဝင်ရောက်တဲ့ အချိန်က စပြီး ၁၄ ရက်ကြာ သီးသန့် သတ်မှတ်ထားမယ့် နေရာတွေမှာ ထားရှိ စောင့်ကြည့်မှု (Facility Quarantine) ပြုလုပ်သွားမယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံကို လာရောက်ကြမယ့် နိုင်ငံတကာ ခရီးသွားတွေအနေနဲ့လည်း လေယာဉ်ပေါ် မတက်ခင် ၇၂ နာရီက ရရှိထားတဲ့ COVID-19 ရောဂါ ကင်းရှင်းကြောင်း ဓာတ်ခွဲခန်း ဆေးစစ်ချက်အဖြေ လိုအပ်ပါတယ်။ ဓာတ်ခွဲခန်းဆေးစစ်ချက် အဖြေ မပါရှိသူတွေကိုတော့ မြန်မာနိုင်ငံအတွင်း ပေးဝင်မှာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံကို စတင်ဝင်ရောက်လာချိန်မှာလည်း ၁၄ ရက် သီးသန့်သတ်မှတ်ထားတဲ့ နေရာတွေမှာ ထားရှိ စောင့်ကြည့်မှု (Facility Quarantine) လုပ်သွားမယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ သံတမန်တွေ၊ မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းတွေက ဝန်ထမ်းတွေအနေနဲ့လည်း မြန်မာနိုင်ငံကို လာရောက်မယ့် လေယာဉ်တွေပေါ် မတက်ခင် ၇၂ နာရီက ရရှိထားတဲ့ COVID-19 ရောဂါကင်းရှင်းကြောင်း ဓာတ်ခွဲခန်း ဆေးစစ်ချက် ထောက်ခံစာ လိုအပ်သလို မြန်မာနိုင်ငံကို ရောက်ရှိချိန်ကစပြီး နေအိမ်တွေမှာ ၁၄ ရက် သီးသန့်နေထိုင် စောင့်ကြည့် မှု (Home Quarantine) ပြုလုပ်သွားမယ်လို့ သိရပါတယ်။
အခုချိန်ခါဟာ မြန်မာနိုင်ငံသားတွေအနေနဲ့ အထူးကြပ်မတ်ရမယ့် အချိန်ပါ။ သက်ဆိုင်ရာဝန်ကြီး ဌာနတွေကလည်း သတင်းထုတ်ပြန်ပေးနေပါတယ်။ ကူးစက်ခံရသူ ၃ ယောက် ရှိသွားပြီဖြစ်တဲ့ အတွက် ပေါ့ဆရမယ့်အချိန်လည်း မဟုတ်တော့ပါဘူး။ နိုင်ငံတကာကနေ ပြန်လာကြမယ့် မြန်မာနိုင်ငံသားတွေ အနေနဲ့လည်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို လိုက်နာသင့်ပါတယ်။
You may also like these stories:
ခရီးသည် အယောက် ၁၀၀ ကို ပြည်ဝင်ခွင့် ပိတ်ခဲ့တဲ့ ထိုင်းနိုင်ငံ
နိုင်ငံခြားသားအားလုံးကို ခရီးသွားဗီဇာ ဆိုင်းငံ့လိုက်တဲ့ ဗီယက်နမ်နိုင်ငံ
ကိုရိုနာဗိုင်းရပ်စ်ကြောင့် သြစတြေးလျ လေကြောင်းလိုင်း ဝန်ထမ်းများ အလုပ်လက်မဲ့ဖြစ်