ပြီးခဲ့တဲ့ အပတ်အတွင်း အာရှနိုင်ငံ တော်တော်များများမှာ ပြည်ဝင်ခွင့် ပိတ်လိုက်ကြပါတယ်။ ဒါကြောင့် လေကြောင်းလိုင်းတွေအနေနဲ့ ပုံမှန် ပြေးဆွဲနေတဲ့ ခရီးစဉ်တွေကို ရပ်ဆိုင်းလိုက်ရပါတယ်။
ထိုင်းနိုင်ငံ၊ ဖူးခက်ကမ်းခြေမှာလည်း ထောင်ချီတဲ့ ဥရောပခရီးသွားတွေ အိမ်ပြန်ဖို့ အခက်ကြုံနေကြပါတယ်။ ထိုင်းမှာ နေ့စဉ် COVID-19 ကူးစက်ခံရသူ အရေအတွက် ပိုမိုများပြားလာပါတယ်။ ထိုင်းအစိုးရအနေနဲ့ COVID-19 ကပ်ရောဂါကို နှိမ်နင်းနိုင်ဖို့ ကြိုးစား ဆောင်ရွက်နေပါတယ်။
မနှစ်က ထိုင်းနိုင်ငံကို လာရောက်လည်ပတ်တဲ့ ခရီးသွား ဧည့်သည်ပေါင်း ၃၉ သန်း ရှိခဲ့ပါတယ်။ ထိုင်း လေကြောင်းလိုင်းဖြစ်တဲ့ Thai Airways အနေနဲ့လည်း လေကြောင်းလိုင်း အားလုံးနီးပါးကို ယာယီ ဆိုင်းငံ့ထားမယ်လို့ ကြေညာခဲ့ပါတယ်။
နီပေါအစိုးရကလည်း COVID-19 ကြောင့် တနိုင်ငံလုံးကို Lockdown ချထားတဲ့အတွက် နိုင်ငံခြား ခရီးသွား ၁ သောင်း နီးပါး နီပေါနိုင်ငံမှာ သောင်တင်နေကြပါတယ်။ နီပေါခရီးသွားလုပ်ငန်း ဘုတ်အဖွဲ့ကလည်း Lockdown လုပ်လိုက်တဲ့အတွက် လေကြောင်းခရီးစဉ်တွေအားလုံး ရပ်တန့် သွားသလို စီးပွားရေးလုပ်ငန်းတွေနဲ့ အစိုးရရုံးတွေအားလုံးပိတ်ထားကြောင်း ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းမှာလည်း နိုင်ငံတကာခရီးသွား ဧည့်သည် ၂၅၀၀ လောက် ရှိနေပါတယ်။ အင်ဒိုနီးရှားနိုင်ငံအတွင်း သောင်တင်နေကြတဲ့ နိုင်ငံတကာ ခရီးသွားတွေကို လူဝင်မှု ကြီးကြပ်ရေးရုံးတွေမှာ သက်တမ်းတိုးခွင့်ပြုထားတယ်လို့ သိရပါတယ်။
COVID-19 ကပ်ရောဂါကြီး ဖြစ်ပွားလာပြီးနောက် တကမ္ဘာလုံး အတိုင်းအတာနဲ့ စီးပွားရေးတွေ ကျဆင်းလာခဲ့ပါတယ်။ နိုင်ငံတော်တော်များများမှာလည်း Lockdown လုပ်လိုက်တဲ့အတွက် ပြည်သူတွေ ဒုက္ခရောက်လာကြရပါတယ်။
အမေရိကန်နိုင်ငံရဲ့ ထိပ်တန်းကျန်းမာရေးအရာရှိ တယောက်က COVID-19 ကြောင့် အမေရိကန်မှာ လူသိန်းနဲ့ချီပြီး သေဆုံးနိုင်တယ်လို့ ထောက်ပြထားပါတယ်။ လက်ရှိအချိန်မှာတော့ အမေရိကန်မှာ COVID-19 ကူးစက်ခံထားရသူ ၁၄၂,၇၃၅ ယောက် ရှိသွားပြီး ၂၄၈၈ ယောက် သေဆုံးခဲ့ပါတယ်။ အမေရိကန်ရဲ့ ကူးစက်မှုနှုန်းက ကမ္ဘာပေါ်မှာ အများဆုံး ဖြစ်လာပါတယ်။
Ref: vietnaminsider, telegraphindia
You may also like these stories:
နိုင်ငံတကာက အနုပညာရှင်တွေ ကိုရိုနာကာလမှာ Self-Quarantine ဘယ်လိုလုပ်ကြလဲ
သရုပ်ဆောင်တယောက်ကို ထုတ်ပယ်လိုက်လို့ လီမင်ဟိုရဲ့ ဒရာမာအသစ် ဝေဖန်ခံရ
COVID-19 ကူးစက်ခံခဲ့ရတဲ့ မင်းသား Tom Hanks နဲ့ ဇနီး LA ကို ပြန်ရောက်ပြီ