မြန်မာနိုင်ငံနဲ့ ယှဉ်ကြည့်မယ်ဆိုရင် လာအိုနိုင်ငံက နောက်ကျပြီးမှ COVID-19 ကူးစက်ခံရသူကို တွေ့ရှိခဲ့တာပါ။ စတင်ကူးစက်ခံရသူ ၂ ယောက်ကကလည်း ခရီးသွားဧည့်လမ်းညွှန် အမျိုးသမီးနဲ့ ထိုင်းနိုင်ငံမှာ သင်တန်းတက်ပြီး ပြန်လာတဲ့ ဟိုတယ်ဝန်ထမ်း အမျိုးသားတယောက်ပဲ ဖြစ်ပါတယ်။ ဒီကနေ့အချိန်မှာတော့ လာအိုနိုင်ငံမှာ COVID-19 ကူးစက်ခံနေရသူပေါင်း ၁၅ ယောက်အထိ ရှိသွားခဲ့ပြီလို့ သိရပါတယ်။
လာအိုနိုင်ငံရဲ့ Luang Prabang ဒေသဟာ နိုင်ငံတကာခရီးသွား အများဆုံး လာရောက်တဲ့ ဒေသတခု ဖြစ်ပါတယ်။ ဒီကနေ့ ကာလမှာတော့ COVID-19 ကြောင့် လာအိုနိုင်ငံရဲ့ခရီးသွားလုပ်ငန်းတွေလည်း ထိခိုက်လာခဲ့ပါပြီ။ နိုင်ငံတကာမှာလည်း COVID-19 ကြောင့် ခရီးသွားလုပ်ငန်းတွေအပြင် ကျန်တဲ့ လုပ်ငန်းတွေလည်း ထိခိုက်မှုတွေ ရှိနေတာကို တွေ့နေရပါတယ်။
လာအိုနိုင်ငံအနေနဲ့ COVID-19 ကူးစက်မှုနှုန်းကို လျှော့ချနိုင်ဖို့ ဧပြီ ၁ ရက်နေ့ကနေ ဧပြီ ၂၁ ရက်နေ့ အထိ Luang Prabang ဒေသက ခရီးသွားလုပ်ငန်း ဝန်ဆောင်မှုတွေ အားလုံးကို ယာယီ ပိတ်ထားမယ်လို့ သိရပါတယ်။
Luang Prabang ဒေသက သတင်းအချက်အလက်၊ ယဉ်ကျေးမှုနဲ့ ခရီးသွားလာရေးဌာနက ညွှန်ကြားရေးမှူးဖြစ်သူ ဒေါက်တာ Soudaphone Khomthavong ကလည်း ပြည်နယ်အတွင်းမှာရှိတဲ့ ရှေးဟောင်း တော်ဝင်ပြတိုက် အပါအဝင် အခြား နိုင်ငံတကာခရီးသွားတွေကို ဆွဲဆောင်တဲ့ နေရာတွေအားလုံးကို ယာယီပိတ်ထားမယ်လို့ ကြေညာခဲ့ပါတယ်။
လာအိုနိုင်ငံမှာဖြစ်ပွားနေတဲ့ COVID-19 ကို ထိန်းချုပ်နိုင်ဖို့ တရုတ်နိုင်ငံက ဆေးဝါးကျွမ်းကျင် ပညာရှင်တွေလည်း လာအိုနိုင်ငံကို ရောက်ရှိနေတယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံအနေနဲ့လည်း COVID-19 ကိုထိန်းချုပ်နိုင်ဖို့ အရှေ့တောင်အာရှနိုင်ငံတွေကို အကူအညီပေးလျက် ရှိနေပါတယ်။
Ref: thestar
You may also like these stories:
ခရီးသွားများ မလာခြင်းကြောင့် ထိခိုက်လာတဲ့ ထိုင်းဆင်စခန်းများ
သူဌေးကျွန်းနှင့် ရတနာကျွန်းများ ခရီးသွားခွင့် ရက်အကန့်အသတ်မရှိ ပိတ်