COVID-19 ကာလအတွင်း ထိုင်းနိုင်ငံမှာ ပိတ်မိနေတဲ့ နိုင်ငံခြားသားအားလုံးကို ထိုင်းအစိုးရအနေနဲ့ အလိုအလျောက် ဗီဇာသက်တမ်း ၃ လ တိုးပေးလိုက်ပါတယ်။ အလိုအလျောက် ဗီဇာသက်တမ်းတိုး ပေးလိုက်တဲ့ကာလဟာ မေလ ၁ ရက်နေ့ကနေ ဇူလိုင်လ ၃၁ ရက်နေ့အထိဖြစ်ကြောင်း ပုံနှိပ်မီဒီယာတခုဖြစ်တဲ့ Royal Gazette မှာ ပြီးခဲ့တဲ့ သောကြာနေ့က ဖော်ပြခဲ့ပါတယ်။
ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာနဲ့ ထိုင်းနိုင်ငံ ပြည်ထဲရေးဝန်ကြီးတို့ အတူ ပူးတွဲလက်မှတ်ရေးထိုးပြီးနောက်မှာတော့ အခုကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ အခု ကြေညာချက်ထဲမှာ ဆိုက်ရောက်ဗီဇာအပြင် ဗီဇာ ကင်းလွတ်ခွင့်နဲ့ ဝင်ရောက်လာကြတဲ့ နိုင်ငံခြားသားတွေ အားလုံး ပါဝင်ပါတယ်။
ကြေညာချက်ထဲမှာ နယ်စပ်ဖြတ်ကျော် နေထိုင်သူတွေအနေနဲ့ အလိုအလျောက် ဗီဇာသက်တမ်း ၃ လတိုးတယ်လို့ ဖော်ပြထားပေမယ့် နယ်စပ်ဂိတ်တွေ ပြန်ဖွင့်ပြီး တပတ်အတွင်း ထိုင်းနိုင်ငံကနေ ထွက်ခွာသွားရမယ်လို့လည်း သတိပေးထားပါတယ်။
အခုအစီအစဉ်ဟာ နိုင်ငံခြားသားခရီးသွား လာခွင့်ကန့်သတ်ချက်များကို ကျော်လွှားနိုင်ဖို့ ရည်ရွယ်ပြီး နိုင်ငံခြားသားတွေကို ကူညီပေးတဲ့ အစီအစဉ်တခုလည်း ဖြစ်ပါတယ်။
လက်ရှိအချိန်အထိ ထိုင်းနိုင်ငံမှာ COVID-19 ကူးစက်ခံနေရသူပေါင်း ၂၉၃၁ ယောက်ရှိနေပြီး သေဆုံးသူပေါင်း ၅၂ ယောက် ရှိသွားခဲ့ပါပြီ။ ထိုင်းနိုင်ငံမှာ ရောဂါကူးစက်ခံရသူ အရေအတွက်က တဖြည်းဖြည်း ကျဆင်းနေပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်လောက်က ကူးစက်မှုနှုန်း မြင့်တက်ခဲ့ရတာ ကလည်း ရွှေ့ပြောင်းလုပ်သားတွေကြောင့် ဖြစ်တယ်လို့ Chiangrai Times မှာ ဖော်ပြထားပါတယ်။
အသစ်ထပ်မံကူးစက်ခံရသူ ၄ ယောက်ဟာ Positive ဖြစ်နေတဲ့ လူနာတွေကနေတဆင့် ပြန်ကူးစက်ခံရတာဖြစ်ပြီး ကျန် ၄ ယောက်ကတော့ ဘယ်က ကူးစက်ခံခဲ့ရသလဲဆိုတာ ခုချိန်ထိ မသိရသေးပါဘူး။
၅ ယောက်ကတော့ နိုင်ငံရပ်ခြားကနေ လာရောက်သူတွေ ဖြစ်ကြပါတယ်။ ရွှေ့ပြောင်းလုပ်သားတွေနဲ့ ဒေသခံတွေမှာ COVID-19 တွေ့ရှိရပေမယ့် ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ နိုင်ငံခြားသားတွေနဲ့ ကြာရှည်နေထိုင်ခွင့် ဗီဇာ ကိုင်ဆောင်ထားသူတွေမှာတော့ ရောဂါကူးစက်မှု ထပ်မတွေ့ရဘူးလို့ သိရပါတယ်။
ထိုင်းနိုင်ငံ ကျန်းမာရေးဦးစီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာ Taweesilp Visanuyothin က ထိုင်းမှာ COVID-19 ပြန့်ပွားပြီးနောက်ပိုင်း လူနာပေါင်း ၂၀၁၉ ယောက် ပြန်လည် ကျန်းမာလာခဲ့ပြီး ဆေးရုံက ဆင်းသွားခဲ့ကြတယ်လို့ ပြောပါတယ်။ တဆက်ထဲမှာပဲ သူက ထိုင်းနိုင်ငံမှာ ရောဂါ ကူးစက်မှုနှုန်း ကျဆင်းလာတာဟာ ရောဂါကို ထိန်းချုပ်နိုင်ပြီလို့ မဆိုလိုကြောင်း ပြောခဲ့ပါတယ်။
ထိုင်းနိုင်ငံသားတွေအနေနဲ့ Stay at Home ဆက်ပြီး လုပ်ဖို့ လိုအပ်နေသလို ဝန်ထမ်းတွေအနေနဲ့လည်း Work From Home ဆက်ပြီး လုပ်ဖို့ လိုအပ်နေသေးတယ်လို့ ပြောကြားခဲ့ပါတယ်။
Ref: chiangraitimes