ခရီးသွားတွေ လာရောက်မှု မရှိတော့တဲ့ မာချူပီချူရှေးဟောင်းမြို့တော်
ပီရူးနိုင်ငံမှာရှိတဲ့ မာချူပီချူ (Machu Picchu) ရှေးဟောင်းမြို့တော်ကြီးဟာ တချိန်တုန်းကတော့ နိုင်ငံတကာခရီးသွား ဧည့်သည်တွေနဲ့ ပြည့်နှက်နေတဲ့ နေရာ ဖြစ်သလို Over Tourism ဒဏ်ကိုလည်း ခံစားခဲ့ရတဲ့ မြို့တော်ကြီး ဖြစ်ခဲ့ပါတယ်။
အင်ကာလူမျိုးစုတွေရဲ့ မြို့ဟောင်းဖြစ်ခဲ့သလို ၁၉၈၃ ခုနှစ်မှာ ယူနက်စကိုရဲ့ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်ဒေသ ဖြစ်ခဲ့ပါတယ်။၂၀၀၇ ခုနှစ်မှာတော့ ကမ္ဘာတဝှမ်းက ထောက်ခံမှုကြောင့် ကမ္ဘာ့အံ့ဖွယ် ၇ ပါး စာရင်းဝင်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာ ကမ္ဘာလှည့်ခရီးသွားတွေကို အဆွဲဆောင်နိုင်ဆုံး နေရာ တနေရာအဖြစ် World Travel Awards ဆုကို ရရှိခဲ့ပါတယ်။
တချိန်တုန်းက နိုင်ငံတကာ ခရီးသွားတွေကြား ရေပန်းစားခဲ့တဲ့ မာချူပီချူ ရှေးဟောင်းမြို့တော်ကို ၁၅ ရာစုလောက်က တည်ဆောက်ခဲ့ပြီး ခရီးသွားတွေကို ဆွဲဆောင်မှု အရှိဆုံးနေရာမှာ ထိပ်ဆုံးနေရာက ရှိခဲ့ ပါတယ်။ နှစ်စဉ်ဆိုသလို နိုင်ငံတကာခရီးသွားပေါင်း သန်းဝက်နီးပါး မာချူပီချူ ရှေးဟောင်းမြို့ကို လာရောက် လည်ပတ်လေ့ ရှိကြပါတယ်။ အခုတော့ COVID-19 ကြောင့် မာချူပီချူ ရှေးဟောင်းမြို့ကို အထီးကျန်စေခဲ့ပါပြီ။
နိုင်ငံတကာခရီးသွားတွေရဲ့ အမှတ်သင်္ကေတ တခုဖြစ်တဲ့ မာချူပီချူရှေးဟောင်းမြို့တော်ကို COVID-19 မဖြစ်ခင် ကာလက နေ့စဉ် ပျမ်းမျှ လူ၂၅၀၀ လာရောက် လည်ပတ်လေ့ ရှိခဲ့ပါတယ်။ ပီရူးနိုင်ငံအတွက် တနှစ်တနှစ်ကို ဒေါ်လာ သန်း ဆယ်နဲ့ချီပြီး ရှာပေးခဲ့ပါတယ်။ ထောင်နဲ့ချီတဲ့ ဒေသခံအများစုကလည်း နိုင်ငံတကာ ခရီးသွားတွေဆီက ရတဲ့ ဝင်ငွေပေါ်မှာ မှီခိုခဲ့ကြပါတယ်။
အင်ဒီးစ်တောင်ခြေမှာရှိတဲ့ Ollantaytambo မြို့လေးဟာ ပီရူးနိုင်ငံ Cusco မြို့ကနေ မာချူပီချူကို လာမယ်ဆိုရင် ခရီးသွားတွေ ခရီးတထောက်နားလေ့ရှိတဲ့ မြို့တမြို့ပါပဲ။ အခုချိန်မှာတော့ ခရီးသွား တွေ ခရီးတထောက် နားလေ့ရှိတဲ့ အဲဒီမြို့လေးကို Lockdown လုပ်ထားပါတယ်။ တချိန်က နိုင်ငံ တကာ ခရီးသွားတွေနဲ့ ပျားပန်းခတ်မျှ စည်ကားနေတဲ့မြို့လေးဟာ အခုချိန်မှာတော့ တိတ်ဆိတ် ခြောက်ကပ်လို့သာ နေပါတော့တယ်။
မြို့ငယ်လေးတမြို့ ဖြစ်တဲ့ Ollantaytambo မြို့ မှာ Hugo Cornejo Nordt ဆိုသူ ပိုင်ဆိုင်တဲ့ ဘားဆိုင်ငယ်လေး တဆိုင် ရှိပါတယ်။ တချိန်တုန်းကတော့ အဲဒီဘားဆိုင်ငယ်လေးထဲ ခရီးတထောက် နားတဲ့ နိုင်ငံတကာ ခရီးသွားတွေကြောင့် ညစဉ်ညတိုင်း လူစည်ကားနေလေ့ ရှိပါတယ်။ အခုတော့ ပီရူးအစိုးရအနေနဲ့ တင်းကြပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို ထုတ်ပြန်လိုက်ပြီဖြစ်တဲ့အတွက် ဘားဆိုင်ရဲ့ တံခါးတွေအားလုံးကို ပိတ်ထားလိုက်ရပါပြီ။
ဘားဆိုင်ပိုင်ရှင်ဖြစ်သူ Hugo က “စီးပွားဖြစ် လုပ်ကိုင်နေတဲ့ ကျနော့် ဘားဆိုင်ကို ပိတ်လိုက်ရပြီးနောက်ပိုင်း ကျနော့်မှာလည်း ဝင်ငွေ တပြားမှ မရှိတော့ပါဘူး။ Quarantine ကာလဟာ ကျနော့်ကို ဘာတခုမှ ရောင်းဖို့ ခွင့်မပြုတဲ့အပြင် ပြည်သူတွေအတွက်လည်း ဆိုင်ဖွင့်ပေးလို့ မရတော့ပါဘူး” လို့ ပြောခဲ့ပါတယ်။
ပီရူးနိုင်ငံဟာ ပြီးခဲ့တဲ့ မတ်လအလယ်လောက်ကတည်း တနိုင်ငံလုံး Lockdown ချထားခဲ့တာ ဖြစ်သလို ကမ္ဘာပေါ်မှာ အပြင်းထန်ဆုံး Lockdown ချတဲ့ နိုင်ငံစာရင်းထဲ ပါဝင်နေပါတယ်။ ပီရူးသမ္မတဖြစ်တဲ့ Martin Vizcarra က လေကြောင်းလိုင်း အားလုံးနဲ့ နယ်စပ်အားလုံးကို ယာယီပိတ်ထားခဲ့ပါတယ်။ နိုင်ငံခြားသားတွေအားလုံးကိုလည်း ၂၄ နာရီအတွင်း ပီရူးနိုင်ငံက ထွက်သွားဖို့ အမိန့်ပေးခဲ့သလို အရံတပ်သား ၁ သောင်းကျော်ကိုလည်း ပီရူးနိုင်ငံရဲ့လမ်းမတွေမှာ ဖြန့်ကျက်ထားခဲ့ပါတယ်။
ပီရူးနိုင်ငံမှာ COVID-19 ကူးစက်ခံရသူ ၇၁ ယောက်မြောက် ရှိလာတဲ့အချိန်မှာပဲ တနိုင်ငံလုံးကို Lockdown ချလိုက်ပါတယ်။ လက်ရှိအချိန်မှာတော့ ပီရူးနိုင်ငံမှာ ရောဂါ ကူးစက်ခံနေရသူပေါင်း ၂၈,၆၉၉ ယောက် ရှိနေပြီး သေဆုံးသူပေါင်း ၇၈၂ ယောက် ရှိသွားပါပြီ။
မာချူပီချူကို အမှီပြုပြီး လုပ်ကိုင်စားသောက်နေကြတဲ့ ဒေသခံတွေရဲ့ ဒုက္ခလည်း မသေးပါဘူး။ Hugo ရဲ့ ဇနီးဖြစ်သူ ဂျက်ဆီကာကတော့ ဒေသစီးပွားရေးဟာ ခရီးသွားတွေကို အမှီပြုနေရတဲ့အတွက် သူတို့အနေနဲ့ ရေရှည် အသက်ရှင်ရပ်တည်နိုင်ဖို့ မလွယ်ဘူးလို့ ဆိုပါတယ်။
အခုချိန်မှာတော့ ပီရူးနိုင်ငံမှာ ခရီးသွားလုပ်ငန်းတွေ အားလုံးကို ရပ်ဆိုင်းထားတဲ့အပြင် စတိုးဆိုင်တွေ ဟိုတယ်နဲ့ စားသောက်ဆိုင်တွေ အားလုံးပိတ်ထားရပါတယ်။ ပီရူးနိုင်ငံမှာ နေထိုင်သူ အများစုဟာ သူတို့ရဲ့ ထုတ်ကုန်တွေကို စားသောက်ဆိုင်တွေနဲ့ ဟိုတယ်တွေဆီကို ယူလာပြီး ရောင်းချလေ့ ရှိကြပါတယ်။ အခုတော့ သူတို့အနေနဲ့ ဒါတွေကိုလုပ်နိုင်တော့မှာ မဟုတ်ဘူးလို့ ဂျက်ဆီကာက ပြောပါတယ်။
တချိန်က ကမ္ဘာ့အံ့ဖွယ် ၇ ပါးထဲ ပါဝင်ခဲ့တဲ့ အင်ကာလူမျိုးတွေရဲ့ ရှေးဟောင်းမြို့တော် မာချူပီချူဟာ အခုအချိန်မှာတော့ ခရီးသွားဧည့်သည်တွေ လာရောက်မှု မရှိတော့တဲ့အတွက် တိတ်ဆိတ်ခြောက် ကပ်လို့သာ နေပါတော့တယ်။ ခရီးသွားတွေကို အမှီပြုပြီး ဝမ်းရေး ဖြေရှင်းခဲ့ကြတဲ့ ဒေသခံတွေလည်း COVID-19 ကြောင့် ဆင်းရဲဒုက္ခ ရောက်နေကြရပါတော့တယ်။
Ref. SBS
You may also like these stories:
ထိုင်းအစိုးရက နိုင်ငံခြားသားများကို ဇူလိုင်လကုန်အထိ ဗီဇာသက်တမ်း တိုးပေး