ကမ္ဘောဒီးယားနိုင်ငံကို ရောက်ရှိနေတဲ့ နိုင်ငံခြားသားတွေအနေနဲ့ မိမိတို့ရဲ့နာမည်ကို ကမ္ဘောဒီးယား အစိုးရက သတ်မှတ်ပေးထားတဲ့ စနစ်အတိုင်း မှတ်ပုံတင်ရမယ်လို့ ကမ္ဘောဒီးယား လူဝင်မှု ကြီးကြပ်ရေးဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
သတ်မှတ်ထားတဲ့အတိုင်း မိမိတို့ရဲ့နာမည်တွေကို မှတ်ပုံတင်ခြင်း မရှိဘူးဆိုရင်တော့ ဗီဇာသက်တမ်း ထပ်မံ တိုးပေးမှာ မဟုတ်သလို ကမ္ဘောဒီးယားနိုင်ငံမှာ ဆက်လက် နေထိုင်ခွင့်လည်း ရှိတော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။
ကမ္ဘောဒီးယားနိုင်ငံကို ရောက်ရှိနေတဲ့ နိုင်ငံခြားသားတွေအနေနဲ့ အွန်လိုင်းကနေတဆင့် မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စတွေကို ဆောင်ရွက်နိုင်တယ်လို့ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက ကြေညာခဲ့ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံသား မဟုတ်သူတွေကို ဗီဇာသက်တမ်းတိုးခြင်းဆိုင်ရာ အစီအမံများ အကောင်အထည်ဖော်မှုနဲ့ ပတ်သက်ပြီး လူဝင်မှုကြီးကြပ်ရေး ညွှန်ကြားရေးမှူးချုပ် Kirth Chantharith က ကြေညာချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။ မှတ်ပုံတင်ဖို့ ပျက်ကွက်သူတွေကို ဇူလိုင်လ ၁ ရက်နေ့ကစပြီး ဗီဇာသက်တမ်းတိုးပေးမှာ မဟုတ်တော့ဘူးလို့ သိရပါတယ်။
ဇန်နဝါရီလ အစောပိုင်းလောက်ကတည်းက ကမ္ဘောဒီးယား ရဲတပ်ဖွဲ့နဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ဝန်ထမ်းတွေဟာ အပြောင်းအလဲ ရှိလာမယ့် စနစ်သစ်နဲ့ ပတ်သက်ပြီး တည်းခိုခန်းပိုင်ရှင်တွေ၊ ဟိုတယ်ပိုင်ရှင်တွေကို ရှင်းလင်းအသိပေးပြီး ဖြစ်ပါတယ်။
တည်းခိုခန်းပိုင်ရှင်တွေ၊ ဟိုတယ်ပိုင်ရှင်တွေအနေနဲ့ နိုင်ငံခြားသားတွေရဲ့ အဝင်အထွက်နဲ့ နိုင်ငံကူးလက်မှတ်မှာ ပါရှိတဲ့ အသေးစိတ် အချက်အလက်တွေကို မှတ်ပုံတင်ထားဖို့ လိုအပ်တယ်လို့ သိရသလို နိုင်ငံခြားတွေကို အိမ်ငှားရမ်းသူတွေအနေနဲ့လည်း ဒီအချက်အလက်တွေကို လိုက်နာရမယ်လို့ ဆိုပါတယ်။
လက်ရှိ အချိန်ထိတော့ နိုင်ငံခြားသားတွေရဲ့ကိုယ်ရေးအချက်အလက်နဲ့ နိုင်ငံကူးလက်မှတ် မိတ္တူကို တည်းခိုခန်းပိုင်ရှင်၊ ဟိုတယ်ပိုင်ရှင်တွေက အပတ်စဉ် လွှဲပြောင်းပေးနေရပါတယ်။ နိုင်ငံခြားသားတွေကို အိမ်ငှားရမ်းမယ့် အိမ်ငှားရမ်းသူတွေ အနေနဲ့လည်း အိမ်ငှားရမ်းခြင်းဆိုင်ရာ သဘောတူညီချက်ကို ဒေသခံရုံးတွေမှာ မှတ်ပုံတင်ပြီး ပြုလုပ်ကြရပါတယ်။
ကမ္ဘောဒီးယား လူဝင်မှုကြီးကြပ်ရေးဌာနရဲ့လက်ထောက်ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Keo Vanthan ကလည်း နိုင်ငံခြားသား ဧည့်သည်တွေကို လက်ခံထားသူတွေနဲ့ အိမ်ငှားရမ်းပေးထားသူတွေဟာ ကိုယ့်ဆီမှာရှိနေတဲ့ နိုင်ငံခြားသား ဧည့်သည်တွေကို မှတ်ပုံတင်ပေးဖို့ တာဝန်ရှိနေပါတယ်။ တကယ်လို့ မှတ်ပုံ မတင်ထားဘူးဆိုရင်တော့ အဲဒီနိုင်ငံခြားသားဟာ ဗီဇာသက်တမ်း တိုးခွင့်ရှိမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။
တဆက်တည်းပဲသူက “ကိုယ့်ဧရိယာအတွင်းမှာ နေထိုင်နေတဲ့ နိုင်ငံခြားသားတွေနဲ့ ပတ်သက်ပြီး ပိုင်ရှင်တွေက မှတ်ပုံတင်တာ၊ သတင်းပို့တာမျိုး မလုပ်ပေးခဲ့ရင် ကျနော်တို့ကလည်း နိုင်ငံခြားသားတွေကို ထပ်မံ နေထိုင်ခွင့် ပေးတော့မှာ မဟုတ်ဘူး”လို့ ပြောပါတယ်။
အခုအချိန်မှာတော့ ကမ္ဘောဒီးယားအစိုးရက ၆ လကြာ ရေးဆွဲခဲ့တဲ့ Android နဲ့ iOS အတွက် Application ထွက်လာပါပြီ။ Application ရဲ့ နာမည်ကတော့ FPCS-GDI ဖြစ်ပြီး နိုင်ငံခြားသားတွေ မှတ်ပုံတင်နိုင်ဖို့ ရည်ရွယ် ထုတ်လုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ နိုင်ငံခြားသားတွေအနေနဲ့ အကောင့်တခု ဖွင့် ပြီး ကိုယ်ရေးအချက်အလက်တွေကို ဖြည့်သွင်းနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
Ref: voacambodia, cambodiadaily