၂၀၂၀ ခုနှစ် ပထမ ၄ လပတ်အတွင်း ကမ္ဘာဒီးယားနိုင်ငံရဲ့သင်္ကေတတခုဖြစ်တဲ့ အန်ကောဝပ်ကျောင်းတော်ကို လာရောက် လည်ပတ်တဲ့ ခရီးသွားအရေအတွက် ၆၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားပါတယ်။
မေလ ၃ ရက်နေ့က ထုတ်ပြန်တဲ့ ကမ္ဘာဒီးယားအစိုးရရဲ့ အစီရင်ခံစာထဲမှာတော့ ဇန်နဝါရီလကနေ ဧပြီလအတွင်း အန်ကောဝပ် ကျောင်းတော်နဲ့ အန်ကော သုတေသနဥယျာဉ်ကို လာရောက် လည်ပတ်တဲ့ နိုင်ငံတကာ ခရီးသွား အရေအတွက် ၃၈၄,၃၁၇ ယောက်သာ ရှိခဲ့တယ်လို့ ဖော်ပြထားပြီး ၂၀၁၉ ခုနှစ် ပထမ ၄ လပတ်နဲ့ နှိုင်းယှဉ်ရင် ၆၀ ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့ ဖော်ပြထားပါတယ်။
၂၀၂၀ ခုနှစ် ဇန်နဝါရီလကနေ ဧပြီလအထိ နိုင်ငံတကာ ခရီးသွားတွေကို အန်ကော သုတေသန ဥယျာဉ်အတွင်း ဝင်ရောက်ခွင့် လက်မှတ် ရောင်းချတာကနေ အမေရိကန်ဒေါ်လာ ၁၈ သန်းသာ ရရှိခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် ပထမ ၄ လပတ်ကာလနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ဝင်ငွေ ၅၉ ရာခိုင်နှုန်းကျ ဆင်းသွားတယ်လို့ သိရပါတယ်။
၂၀၂၀ ခုနှစ် ဧပြီလအတွင်း အန်ကော ရှေးဟောင်းသုတေသန ဥယျာဉ်ကို လာရောက် လည်ပတ်တဲ့ နိုင်ငံခြားသား ခရီးသွား အရေအတွက်က ၆၅၄ ယောက်သာ ရှိခဲ့ပြီး ဝင်ခွင့်လက်မှတ် ရောင်းချငွေ အမေရိကန်ဒေါ်လာ ၂၉,၃၆၈ သာ ရရှိခဲ့ပါတယ်။ မနှစ်က ဧပြီနဲ့ ယှဉ်ကြည့်လိုက်ရင် လက်မှတ် ရောင်းချငွေ ၉၉ ဒဿမ ၆၅ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပါတယ်။
Siem Reap ပြည်နယ် အနောက်မြောက်ပိုင်းမှာ တည်ရှိတဲ့ အန်ကော ရှေးဟောင်းသုတေသန ဥယျာဉ်ကြီးကို ၁၉၉၂ ခုနှစ်မှာ ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်အဖြစ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) က သတ်မှတ်ခဲ့ပြီး နိုင်ငံတကာ ခရီးသွားတွေကြားမှာ ရေပန်းစားပါတယ်။
ကမ္ဘောဒီးယားနိုင်ငံရဲ့ အမှတ်သင်္ကေတတခုဖြစ်တဲ့ အန်ကောဝပ် ကျောင်းတော်ကြီးကလည်း ကမ္ဘာ့အကြီးဆုံးသော ဘာသာရေး အဆောက်အဦ ဖြစ်သလို ခမာ ဗိသုကာပညာရဲ့ ထိပ်တန်း ရောက်ရှိနေတဲ့ ခေတ်အခါကို ဖော်ပြနေတဲ့အချိန်လည်း ဖြစ်ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံမှာ COVID-19 စတင်ပြန့်ပွားလာချိန်မှာတော့ ကမ္ဘာဒီးယားအစိုးရက မတ်လ နှောင်းပိုင်းလောက်ကစပြီး နိုင်ငံခြားသား ခရီးသည်ဝင်ရောက်မှုကို ယာယီ ကန့်သတ်လိုက်ရပါတယ်။
လက်ရှိ အချိန်မှာတော့ ကမ္ဘောဒီးယားနိုင်ငံမှာ ရောဂါကူးစက်သူပေါင်း ၁၂၂ ယောက် ရှိပြီး ထပ်မံကူးစက်မှု မရှိတော့တာ ရက်သတ္တပတ် အတော်ကြာခဲ့ပြီဖြစ်တဲ့အတွက် ကမ္ဘောဒီးယား အစိုးရအနေနဲ့ COVID-19 အတိုင်းအတာတခုအထိ ထိန်းချုပ်နိုင်ပြီလို့ ပြောနိုင်ပါတယ်။
COVID-19 ကြောင့် ကမ္ဘာဒီးယားနိုင်ငံမှာ လူသေဆုံးမှု မရှိသလို ရောဂါကူးစက်ခံရသူ ၁၂၂ ယောက် အနက် ၁၂၀ က ကျန်းမာရေး ပြန်လည် ကောင်းမွန်လာခဲ့လို့ ဆေးရုံက ဆင်းနိုင်ခဲ့ကြပါတယ်။
Ref: thestar
You may also like these stories:
ထိုင်းပြည်တွင်းလေကြောင်းလိုင်းများ ပြန်လည် ပြေးဆွဲပြီ
ကမ္ဘောဒီးယားရှိ နိုင်ငံခြားသားများကို ဗီဇာသက်တမ်း တိုးပေးမည်
ခရီးသွားတွေ လာရောက်မှု မရှိတော့တဲ့ မာချူပီချူရှေးဟောင်းမြို့တော်