လေကြောင်းခရီးသွားတွေအနေနဲ့ နှာခေါင်းစည်းကို မဖြစ်မနေ တပ်ဆင်ဖို့ လိုအပ်ကြောင်း နိုင်ငံအများစုက ကြေညာလာကြပါတယ်။ COVID-19 ရောဂါ ပြန့်ပွားမှုကြောင့် နိုင်ငံအများစုမှာ လေကြောင်း ခရီးစဉ်တွေကို ယာယီ ရပ်ဆိုင်းခဲ့ရပြီး အခုအချိန်မှာတော့ နိုင်ငံအချို့မှာ ပြည်တွင်းလေကြောင်းလိုင်းတွေ ပြန်လည် ပြေးဆွဲလာနေကြပါတယ်။
အခုလို ပြည်တွင်း လေကြောင်းခရီးစဉ်တွေကို စတင်ပြေး ဆွဲလာတဲ့အချိန်မှာ လေကြောင်းလိုင်းတွေနဲ့ လေဆိပ်တွေက နိုင်ငံတကာ သဘောတူညီချက်တွေကို လိုက်နာဖို့ လိုအပ်သလို ခရီးသည်တွေအနေနဲ့လည်း လေကြောင်းလိုင်းတွေက ထုတ်ပြန်ပေးထားတဲ့ စည်းကမ်းချက်တွေကို လိုက်နာဖို့ လိုအပ်ပါတယ်။
လေကြောင်း ခရီးသွားတွေအနေနဲ့ လေယာဉ် စီးနင်းနေစဉ် အချိန်အတွင်းမှာလည်း ရောဂါကူးစက်နိုင် တဲ့အတွက် နှာခေါင်းစည်းတွေကို မဖြစ်မနေ တပ်ဖို့ လိုအပ်ပါတယ်။ အမေရိကန်လေကြောင်းလိုင်းတွေမှာလည်း ခရီးသည်တွေအနေနဲ့ လေယာဉ် စီးနင်းလိုက်ပါလာတဲ့အခါ မဖြစ်မနေ Mask တပ်ဖို့ ကြေညာချက် ထုတ်ထားပါတယ်။
JetBlue လေကြောင်းလိုင်းဟာ အမေရိကန်ရဲ့ အဓိကအရေးပါတဲ့ လေကြောင်းလိုင်းဖြစ်သလို တန်ဖိုးနည်း လေကြောင်းလိုင်းတလိုင်းလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလ ၄ ရက်နေ့ကစပြီး JetBlue လေ ကြောင်းလိုင်းနဲ့ လိုက်ပါစီးနင်းကြမယ့် ခရီးသွားတွေအပြင် လေယာဉ် အမှုထမ်းတွေအားလုံး Mask တပ်ရမယ်လို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
JetBlue လေကြောင်းလိုင်းဟာ နယူးယောက် အခြေစိုက် လေကြောင်းလိုင်းတလိုင်းဖြစ်ပြီး ခရီးသည်တွေကို Mask တပ်ဖို့ သတိပေးထားတဲ့ အမေရိကန်ရဲ့ ပထမဆုံးလေကြောင်းလိုင်း ဖြစ်လာပါတယ်။
အမေရိကန်ရဲ့ နောက်ထပ် နာမည်ကြီးလေကြောင်းလိုင်းဖြစ်တဲ့ Delta လေကြောင်းလိုင်းကလည်း ခရီးသည်တွေကို Mask ဝေပေးသလို လေယာဉ် အမှုထမ်းတွေကိုလည်း မဖြစ်မနေ Mask တပ်ဖို့ ပြဌာန်းထားပါတယ်။ အမေရိကန်လေကြောင်းလိုင်းနဲ့ United လေကြောင်းလိုင်းတို့ကလည်း မဖြစ်မနေ Mask တပ်ဆင်ကြဖို့ ခရီးသည်တွေကို တိုက်တွန်းထားပါတယ်။
JetBlue လေကြောင်းလိုင်းက CEO လည်းဖြစ်သလို လေကြောင်းလိုင်းဥက္ကဋ္ဌလည်းဖြစ်တဲ့ Joanna Geraghty က “ခရီးသည်တွေနဲ့ လေယာဉ်အမှုထမ်းတွေကို Mask တပ်ဖို့တိုက်တွန်းရတဲ့အကြောင်းကတော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ဖြစ်သလို ကိုယ့်ပတ်ဝန်းကျင်က လူတွေကိုလည်း ကာကွယ်ဖို့ဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။
တဆက်တည်းမှာပဲ သူမက “ကျမတို့ လေကြောင်းလိုင်းမှာ လိုက်ပါစီးနင်းမယ့် ခရီးသည်တွေကို ရောဂါထိန်းချုပ်ရေးစင်တာက ညွှန်ကြားထားတဲ့ ညွှန်ကြားချက်တွေကို လေဆိပ်မှာကတည်းက တခါတည်းရှင်းပြထားပြီး ခရီးသွားတွေအနေနဲ့ လိုက်ပါဆောင်ရွက်ကြဖို့ ကြိုတင်အသိပေးလေ့ ရှိပါတယ်” လို့ ပြောပါတယ်။
JetBlue လေကြောင်းလိုင်းရဲ့ ပေါ်လစီထဲမှာ ခရီးသည်တွေ လေယာဉ်ပေါ် မတက်ခင် စမ်းသပ် စစ်ဆေး တာမျိုး ပြုလုပ်ပေးသလို လေယာဉ် ပျံသန်းနေစဉ်အတွင်းမှာလည်း စစ်ဆေးမှုတွေ ပြုလုပ်ပေးတယ် လို့ လေကြောင်းလိုင်း ကုမ္ပဏီက ပြောပါတယ်။ ငယ်ရွယ်လွန်းတဲ့ ကလေးငယ်တွေကို Mask တပ်ဖို့ ခွင့်မပြုထားပါဘူး။
ရောဂါထိန်းချုပ်ရေးစင်တာက တာဝန်ရှိသူတွေကလည်း အမေရိကန်လေကြောင်းလိုင်းတွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ လေယာဉ်မယ်တွေအနေနဲ့လည်း လေယာဉ်ပေါ်မှာ အလုပ်လုပ်နေစဉ် ကာလအတွင်း Mask တပ်ထားဖို့ လိုသလို အထူးသဖြင့်ကတော့ ခရီးသည်တွေက ပိုအရေးကြီးပါတယ်။ ဒါကြောင့်လည်း အမေရိကန် လေကြောင်းလိုင်းတွေအနေနဲ့ JetBlue လေကြောင်းလိုင်းကို အတုယူဖို့လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။
Ref. independent, local10
You may also like these stories:
အန်ကောဝပ်ကို လာရောက်တဲ့ ခရီးသွားအရေအတွက် ကျဆင်း
ထိုင်းပြည်တွင်းလေကြောင်းလိုင်းများ ပြန်လည် ပြေးဆွဲပြီ
ကမ္ဘောဒီးယားရှိ နိုင်ငံခြားသားများကို ဗီဇာသက်တမ်း တိုးပေးမည်