ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကပဲ ထိုင်းနိုင်ငံ မြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့က နိုင်ငံတကာ လေကြောင်း လိုင်းတွေကို ပျံသန်းခွင့် ပြုလိုက်ပါတယ်။ ပျံသန်းခွင့်ရတဲ့ လေကြောင်းလိုင်းတွေဟာ အထူးလေကြောင်းလိုင်းခရီးစဉ်တွေ ဖြစ်ပြီး ထိုင်းနိုင်ငံရှိ လေဆိပ် အများစုကနေ မနက် ၇ နာရီမှ ည ၇ နာရီ အထိ နေ့စဉ် ပုံမှန်ပျံသန်းသွားမယ်လို့ သိရပါတယ်။
ထိုင်းအစိုးရအနေနဲ့ ပြီးခဲ့တဲ့ သောကြောနေ့က ပြည်တွင်းလေကြောင်းလိုင်း ခရီးစဉ်တွေကို ခွင့်ပြုပေးခဲ့ပါတယ်။ ထိုင်းနိုင်ငံရဲ့ လေဆိပ်အများစုမှာ လေကြောင်းလိုင်းတွေ ပုံမှန် ပျံသန်းနေပြီဖြစ်ပေမယ့် သုဝဏ္ဏဘူမိ၊ Don Mueang နဲ့ U-Tapao လေဆိပ်တွေကတော့ နိုင်ငံတကာ လေကြောင်းလိုင်း ပျံသန်းမှုကို ပိတ်ပင်ထားဆဲပါပဲ။
ထိုင်းနိုင်ငံ မြို့ ပြလေကြောင်းအာဏာပိုင်အဖွဲ့က အပြည်ပြည်ဆိုင်ရာလေဆိပ်တွေ ဖြစ်တဲ့ ကရာဘီ၊ ချင်းမိုင် ၊ ချင်းရိုင် ၊ Samui ၊ Surat Thani ၊ Hat Yai နဲ့ Hua Hin လေဆိပ်တွေကို နေရပ်ပြန်လိုတဲ့ နိုင်ငံခြားသားတွေနဲ့ ထိုင်းနိုင်ငံကိုပြန်လာချင်ကြတဲ့ ထိုင်းနိုင်ငံသားတွေအတွက် စီစဉ်ပေးထားတယ်လို့ သိရပါတယ်။
ဖူးခက် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို မေလ ၁၅ ရက်နေ့အထိ ပိတ်ထားမှာဖြစ်ပေမယ့် ပြည်တော် ပြန်ချင်ကြတဲ့ နိုင်ငံခြားသားခရီးသည်တွေကို လာရောက် ခေါ်ဆောင်တဲ့ လေယာဉ်တွေကိုတော့ ဆင်းသက်ခွင့်ပြုမယ်လို့ ကြေညာထားပါတယ်။
ဖူးခက်ဟာ တောင်ပိုင်းဒေသတွေထဲမှာ COVID-19 ကူးစက်မှု အများဆုံးစာရင်းထဲ ပါဝင်ပါတယ်။ မကြာသေးခင်အချိန်ကပဲ ဖူးခက်မှာ COVID-19 ကူးစက်ခံရသူပေါင်း ၂၂၀ ယောက်ရှိခဲ့ပြီး ၂ ယောက်သေဆုံးခဲ့ပါ တယ်။
နိုင်ငံရပ်ခြားကနေ ထိုင်းနိုင်ငံကို လေကြောင်းခရီးနဲ့ လာရောက်သူတွေဟာ ထိုင်းအစိုးရက ထုတ်ပြန် ထားတဲ့ ကျန်းမာရေးညွှန်ကြားချက်တွေကို လိုက်နာရပါလိမ့်မယ်။ ကျန်းမာရေး ညွှန်ကြားချက်ထဲမှာ ၁၄ ရက် Quarantine ဝင်ရမယ်ဆိုတဲ့ ဖော်ပြချက်ပါရှိပြီး အရေးပေါ်အမိန့်အောက်က စည်းမျဉ်းစည်း ကမ်းတွေကိုလည်း လိုက်နာရမယ်လို့ ဖော်ပြထားပါတယ်။
အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းတွေကို သတ်မှတ်ပေးထားတဲ့ အချိန်ဖြစ်တဲ့ မနက် ၇ နာရီကနေ ညနေ ၇ နာရီအထိ ပျံသန်းခွင့်ဟာ မေလ ၁ ရက်နေ့က စတင်ပျံသန်းခဲ့တဲ့ ပြည်တွင်းလေကြောင်းလိုင်းတွေကို သတ်မှတ်ပေးထားတဲ့အချိန်နဲ့ တူတူပါပဲ။
လေကြောင်းလိုင်းတွေအနေနဲ့ ကိုယ့်လေကြောင်းလိုင်းကို စီးနင်းမယ့်ခရီးသည်တွေရဲ့ ကျန်းမာရေးအခြေအနေတွေကို လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်ပေးကြရပါလိမ့်မယ်။ လိုက်နာဖို့ ပျက်ကွက်တဲ့ခရီးသည်တွေကိုလည်း ဒဏ်ကြေး ပေးဆောင်တာမျိုး ပြုလုပ်မှာ မဟုတ်ဘဲ အခြားလေယာဉ်ခရီးစဉ် တခုမှာ စာရင်းပြန်သွင်းရမယ်လို့ သိရပါတယ်။
Ref: Bangkokpost
You may also like these stories:
အမေရိကန် လေကြောင်းလိုင်းတွေမှာ လူတိုင်း မဖြစ်မနေ Mask တပ်ရမည်
ထိုင်းပြည်တွင်းလေကြောင်းလိုင်းများ ပြန်လည် ပြေးဆွဲပြီ
အန်ကောဝပ်ကို လာရောက်တဲ့ ခရီးသွားအရေအတွက် ကျဆင်း