COVID-19 အကျပ်အတည်း ကာလအတွင်းကနေ ရုန်းထွက်လာနိုင်ခဲ့တဲ့ ဗီယက်နမ်နိုင်ငံဟာ ခုချိန်မှာတော့ ခရီးသွားလုပ်ငန်းတွေ ပြန်လည်ထူထောင်နိုင်ဖို့အတွက် အစပြုနေကြပါပြီ။
ဗီယက်နမ်နိုင်ငံဟာ COVID-19 ကာလအတွင်းက သတ်မှတ်ထားတဲ့ တင်းကြပ်မှုတွေကို အခုချိန်မှာဖြေလျှော့ပေးနိုင်ခဲ့ပြီဖြစ်သလို အရှေ့တောင်အာရှနိုင်ငံတွေထဲမှာဆိုရင်လည်း တင်းကြပ်မှုတွေကို ပထမဆုံး လျှော့ချပေးနိုင်ခဲ့တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ တင်းကြပ်မှုတွေကို လျှော့ချပေးနိုင်ခဲ့တဲ့အတွက်လည်း ပြည်တွင်းခရီးသွားလုပ်ငန်းတွေရဲ့ ဝယ်လိုအားတွေ တိုးလာခဲ့ပါတယ်။
ဗီယက်နမ်အစိုးရအနေနဲ့ COVID-19 ကာလအတွင်းက သတ်မှတ်ထားတဲ့ ကန့်သတ်မှုတွေကို ဧပြီ ၂၄ ရက်နေ့က စတင်ရုတ်သိမ်းပြီ ဖြစ်တဲ့အကြောင်း ကြေညာခဲ့ပါတယ်။ မြို့တွေမှာ ပိတ်မိနေတဲ့ ဗီယက်နမ် နိုင်ငံသားတွေအနေနဲ့ ပြည်တွင်းခရီးသွားလုပ်ငန်းတွေကနေတဆင့် မိမိတို့ မြို့ရွာကို ပြန်နိုင်ဖို့ အခွင့်အရေး ရရှိခဲ့ကြပါတယ်။
ကန့်သတ်မှုတွေ ရုတ်သိမ်းသွားပြီးတဲ့နောက်မှာတော့ ဗီယက်နမ်နိုင်ငံရဲ့ စားသောက်ဆိုင်လုပ်ငန်းတွေကလည်း ပုံမှန်အတိုင်း ပြန်လည်ပတ်လာခဲ့သလို ပြည်တွင်းလေကြောင်းလိုင်းတချို့ကလည်း လေကြောင်းလိုင်းခရီးစဉ်တွေကို ပုံမှန်ပြေးဆွဲလာခဲ့ကြပါတယ်။ ဧပြီလ၂၃ ရက်နေ့ကစပြီး ဗီယက်နမ်နိုင်ငံရဲ့ လေကြောင်းလိုင်းတခုဖြစ်တဲ့ VietJet လေကြောင်းလိုင်းအနေနဲ့ ဟနွိုင်းနဲ့ ဟိုချီမင်းကို တရက် ၆ ကြိမ် ပုံမှန်ပျံသန်းခဲ့ပါတယ်။
Diethelm ခရီးသွားလုပ်ငန်းရဲ့ ဦးဆောင်ညွှန်ကြားရေးမှူးဖြစ်သူ Jeff Redl က“အခုအခြေအနေက အပေါင်းလက္ခဏာ ဆောင်တဲ့အခြေအနေပါပဲ။ ဟိုတယ်အများစုက ရရှိတဲ့ သတင်းအချက်အလက်တွေအရ ပြည်တွင်းခရီးသွားလုပ်ငန်းတွေရဲ့ဝယ်လိုအားက မြန်မြန်ဆန်ဆန်တိုးလာတယ်လို့ သိရပါတယ်”လို့ ပြောပါတယ်။
Luxperia ကို ပူးတွဲတည်ထောင်သူတယောက်ဖြစ်တဲ့ Linh Le ကလည်း“ကန့်သတ်မှုတွေကို ရုတ်သိမ်းလိုက်ပြီး နောက်မှာတော့ ဗီယက်နမ်နိုင်ငံကမြို့အများစုကလူတွေဟာ အားလပ်ရက်ဖြစ်တဲ့ ဧပြီ ၃၀ ကနေ မေ ၄ ရက်နေ့အထိ ပြည်တွင်းခရီးသွားဖို့ စီစဉ်ခဲ့ပါတယ်။ တခု ပြောစရာ ရှိတာကတော့ လေကြောင်းလိုင်းတွေက ရောင်းချနေတဲ့ လေယာဉ်လက်မှတ်တွေဟာ အရင်အချိန်ကထက် သိသိသာသာမြင့်တက်သွားသလို အရင်ကထက်လည်း လေယာဉ်စီးရတာ ပိုပြီး ဇိမ်ကျလာပါတယ်” လို့ ပြောခဲ့ပါတယ်။
တဆက်တည်းမှာပဲ Le က ဟိုတယ်အများစုကလည်း အရင်ကထက် အကုန်အကျ ပိုများလာတယ် ဆိုပေမယ့် အရင်ကထက်ပိုပြီး ဝန်ဆောင်မှုပေးလာကြပါတယ်။ ဒါကြောင့်လည်း ပြည်တွင်းခရီးသွားလုပ်ငန်းအခြေအနေက တိုးတက်မှု ရှိလာတယ်လို့ ပြောပါတယ်။
ဧပြီလ ၃၀ ရက်နေ့က ကျရောက်ခဲ့တဲ့ ဗီယက်နမ်နိုင်ငံရဲ့ ၄၅ နှစ်မြောက် လွတ်လပ်ရေးနေ့မှာတော့ Da Lat မြို့ရဲ့လမ်းတွေမှာ ယာဉ်ကြောပိတ်ဆို့မှုတွေ အကြီးအကျယ် ဖြစ်ခဲ့ပါတယ်။
Ref: ttgasia
You may also like these stories:
ထိုင်းမှာ နိုင်ငံတကာလေကြောင်းလိုင်းများ ပြန်လည် ပြေးဆွဲ
အမေရိကန် လေကြောင်းလိုင်းတွေမှာ လူတိုင်း မဖြစ်မနေ Mask တပ်ရမည်
ထိုင်းပြည်တွင်းလေကြောင်းလိုင်းများ ပြန်လည် ပြေးဆွဲပြီ