ကိုရိုနာကပ်ရောဂါဆိုးကြီးကြောင့်၂၀၂၀ ခုနှစ်အတွင်း နိုင်ငံတကာခရီးသွားအရေအတွက် ၆၀ ကနေ ၈၀ ရာခိုင်နှုန်း အထိကျဆင်းသွားနိုင်တယ်လို့ ကမ္ဘာ့ခရီးသွားလာရေးလုပ်ငန်းအဖွဲ့ (WTO)က မေလ ၇ နေ့မှာ ပြောကြားလိုက်ပါတယ်။ အခုခန့်မှန်းချက်ဟာ အရင်ကခန့်မှန်းထားတာတွေထက် သိသိသာသာကို နိမ့်ဆင်းသွားပါတယ်။
ကျယ်ပြန့်တဲ့ ခရီးသွားလာခွင့် ကန့်သတ်ချက်တွေ ၊ လေဆိပ်တွေမှာ လေယာဉ်ဆင်းသက်ခွင့်ယာယီ ရပ်ဆိုင်းထားတာတွေ ၊ ဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်တဲ့အနေနဲ့ နယ်စပ်ဂိတ်တွေ ပိတ်ထားတာတွေ စတဲ့ အခြေအနေ တွေကြောင့် ခရီးသွားလုပ်ငန်းတွေဟာ အရှိန်အဟုန်နဲ့ ထိုးကျလာခဲ့ပါတယ်။
ကမ္ဘာ့ကုလသမဂ္ဂအေဂျင်စီရဲ့ ဖော်ပြချက်ထဲမှာတော့ ၂၀၂၀ ခုနှစ်မှာ ကြုံတွေ့နေရတဲ့ ခရီးသွားလာရေး လုပ်ငန်းတွေရဲ့အခြေအနေဟာ ၁၉၅၀ ခုနှစ်နောက်ပိုင်း အဆိုးဆုံးအခြေအနေဖြစ်နေတယ်လို့ ဖော်ပြထားပါတယ်။
၂၀၂၀ နှစ်ရဲ့ ပထမ ၃ လပတ်အတွင်း နိုင်ငံတကာခရီးသွားအရေအတွက် ၂၂ ရာခိုင်နှုန်းကျဆင်းခဲ့ ပြီး မတ်လ၁လ တည်းမှာတင် ၅၇ ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။ ခရီးသွားအရေအတွက် ကျဆင်းမှု အများဆုံးကတော့ အာရှ နဲ့ ဥရောပနိုင်ငံတွေ ဖြစ်တယ်လို့ မက်ဒရစ်အခြေစိုက်အဖွဲ့အစည်းက အစီရင်ခံထားပါတယ်။
လက်ရှိအချိန်မှာတော့ ကမ္ဘာကြီးဟာ မကြုံဖူးတဲ့ကျန်းမာရေးအခြေအနေနဲ့ စီးပွားရေးအကြပ်အတည်းကို မျက်နှာချင်းဆိုင်နေရပါတယ်။ ခရီးသွားလုပ်ငန်းတွေအနေနဲ့လည်း အကြီးအကျယ်ထိခိုက်မှုတွေရှိနေပြီး သန်းနဲ့ချီတဲ့ခရီးသွားလုပ်ငန်းလုပ်ကိုင်နေကြသူတွေလည်း ထိခိုက်မှုတွေရှိနေပါ တယ်။ ခရီးသွားလုပ်ငန်းတွေဟာ သန်းနဲ့ချီတဲ့လူတွေကို ရင်းနှီးမြှုပ်နှံထားရတဲ့ စီးပွားရေးကဏ္ဍတခု ပါပဲလို့ WTO အတွင်းရေးမှူးချုပ် Zurab Pololikashvili ကပြောပါတယ်။
ကပ်ရောဂါဆိုးကြီးစတင်ပြန့်ပွားကတည်းက လေကြောင်းလိုင်းတွေအထိနာခဲ့ရသလို ဟိုတယ် ၊ ဇိမ် ခံသင်္ဘော နဲ့ ခရီးသွားလာရေးဝန်ဆောင်မှုကုမ္ပဏီတွေလည်း ဗိုင်းရပ်စ်ကပေးတဲ့ဒုက္ခတွေကို ခံစားခဲ့ ရပါတယ်။ WTO တာဝန်ရှိသူ တွေကတော့ နိုင်ငံတကာခရီးသွားလုပ်ငန်းတွေရဲ့ စီးပွားရေးကျဆင်းမှု ကိုကုသပေးနိုင်မယ့်နည်းလမ်းကတော့ နိုင်ငံတကာနယ်နိမိတ်တွေကို မြန်မြန်ဆန်ဆန် ပြန်လည်ဖွင့်ပေးခြင်းအပေါ်မူတည်တယ်လို့ ဆိုပါတယ်။
ဇူလိုင်လအစောပိုင်းမှာတော့ ခရီးသွားတွေကို ကန့်သတ်ထားတဲ့ကန့်သတ်ချက်တွေ လျှော့နည်းလာနိုင်စရာ အကြောင်းရှိပေမယ့် နိုင်ငံတကာခရီးသွားအရေအတွက်က ၅၈ ရာခိုင်နှုန်းလောက် လျော့ကျနိုင်ပါတယ်။
နိုင်ငံတကာနယ်နိမိတ်ကန့်သတ်ချက်နဲ့ ခရီးသွားလာခွင့်ကန့်သတ်ချက်တွေကို ၂၀၂၀ ၊ ဒီဇင်ဘာ အစောပိုင်း လောက်မှာမှ ပြန်လည်ရုတ်သိမ်းမယ်ဆိုရင် ၇၈ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်ဖို့ရှိနေပြီး စက်တင်ဘာ အစောပိုင်းမှာ ရုတ်သိမ်းခဲ့မယ်ဆိုရင်တော့ ၇၀ ရာခိုင်နှုန်းကျဆင်း မှုရှိနိုင်တယ်လို့ WTO ကခန့်မှန်းထားပါတယ်။
ဒီအခြေအနေအတိုင်းသာဆိုရင်တော့ နိုင်ငံတကာခရီးသွားအရေအတွက်ကျဆင်းရခြင်းကြောင့် ခရီးသွားလုပ်ငန်းက ပို့ကုန်ဝင်ငွေ ဒေါ်လာ ၁၀ ဘီလီယံကနေ ဒေါ်လာ ၁ ဒဿမ ၂ ထရီလီယံဆုံးရှုံး နိုင်ပြီး တိုက်ရိုက်ခရီးသွားလုပ်ငန်း တွေကတော့ ဒေါ်လာ သန်း ၁၀၀ ကနေ သန်း ၁၂၀ ကြား ဆုံးရှုံးမှု တွေရှိလာနိုင်ပါတယ်။
ဆားစ်ရောဂါဖြစ်ပွားနေတဲ့ ၂၀၀၃ ခုနှစ်ကာလအတွင်းတုန်းက နိုင်ငံတကာခရီးသွားအရေအတွက် ၀ ဒဿမ ၄ ရာခိုင်နှုန်းသာကျဆင်းခဲ့ပြီး တကမ္ဘာလုံးအတိုင်းအတာနဲ့ လူပေါင်း ၇၇၄ ယောက်သာ သေဆုံးခဲ့ပါတယ်။
Ref:bangkokpost
You may also like these stories:
ကိုဗစ်-၁၉ ကြောင့် မြန်မာ့စီးပွားရေး နှေးသွားပြီး ဆင်းရဲသားများ အထိနာမည်ဟု ကမ္ဘာ့ဘဏ် ဆို
COVID-19 ကို တိုက်ထုတ်နိုင်မယ့် နည်းလမ်း တရုတ် မျှဝေ