ကိုလံဘီယာနိုင်ငံရဲ့ အမျိုးသားလေကြောင်းလိုင်းဖြစ်တဲ့ Avianca လေကြောင်းလိုင်းဟာ သတ်မှတ် ထားတဲ့ ငွေကြေးပမာဏကို နောက်ဆုံးရက်ရောက်တဲ့အထိ ပေးနိုင်ခြင်း မရှိတဲ့အတွက် ဒေဝါလီခံရဖို့ ရှိနေပါတယ်။
ဒေဝါလီခံရဖွယ် ရှိနေတဲ့ Avianca လေကြောင်းလိုင်းဟာ ကမ္ဘာပေါ်မှာ ဒုတိယသက်တမ်းအရင့်ဆုံးလေကြောင်းလိုင်း ဖြစ်သလို လက်တင်အမေရိကမှာလည်း တတိယအကြီးဆုံး လေကြောင်းလိုင်းဖြစ်ပြီး ၁၉၁၉ ခုနှစ်က စတင်တည်ထောင်ခဲ့ပါတယ်။
COVID-19 စတင်ဖြစ်ပွားပြီးနောက်ပိုင်းမှာတော့ Avianca လေကြောင်းလိုင်းအနေနဲ့ လေကြောင်း ခရီးစဉ်တွေ အားလုံးကို မတ်လကတည်းက ရပ်ဆိုင်းထားခဲ့ရပါတယ်။ ဒါကြောင့်လည်း Avianca လေကြောင်းလိုင်းအနေနဲ့ COVID-19 ကပ်ရောဂါကာလအတွင်း ဝင်ငွေ ၈၀ ရာခိုင်နှုန်း ဆုံးရှုံးခဲ့ရ သလို ကုန်ကျစရိတ်ပေါင်း မြောက်မြားစွာနဲ့ ရင်ဆိုင်ခဲ့ရတဲ့အတွက် ဒေဝါလီခံဖို့ အခြေအနေ ကြုံလာခဲ့ရပါတယ်။
COVID-19 ကာလအတွင်း Avianca လေကြောင်းလိုင်းဟာ ကမ္ဘာပေါ်မှာ ပထမဆုံး ဒေဝါလီခံရဖို့အခြေအနေ ကြုံနေရတဲ့ လေကြောင်းလိုင်း ဖြစ်လာပါတယ်။
COVID-19 ကာလအတွင်းမှာ နိုင်ငံအများစုက Lockdown ချထားရတဲ့အခြေအနေနဲ့ ကြုံတွေ့နေရ ပါတယ်။ Avianca လေကြောင်းလိုင်းက ပျံသန်းနေတဲ့ နိုင်ငံတွေထဲမှာ ၈၈ ရာခိုင်နှုန်းလောက်က ခရီးသွားကန့်သတ်ချက်တွေ ထုတ်ပြန်ထားတဲ့နိုင်ငံတွေ ဖြစ်နေပါတယ်။ လေကြောင်းလိုင်း ဝန်ထမ်းပေါင်း ၂၁၀၀၀ ရှိနေပြီး ဝန်ထမ်းတွေကိုလည်း လစာပေးနိုင်တဲ့ အခြေအနေ မရှိတော့ဘူးလို့ သိရပါတယ်။
မတ်လအတွင်းမှာပဲ ကိုလံဘီယာ သမ္မတဖြစ်သူ Ivan Duque က လေကြောင်းခရီးစဉ်တွေကို ပျံသန်းခွင့်မပြုတော့တဲ့အတွက် လေယာဉ်အစီးပေါင်း ၁၄၀ ကျော်လောက်ကို မြေပြင်မှာပဲ ရပ်နားထားခဲ့ရပါတယ်။ အပြည်ပြည်ဆိုင်ရာ လေကြောင်း သယ်ယူပို့ဆောင်ရေးအဖွဲ့အစည်းကလည်း ကပ်ရောဂါ ကာလအတွင်း လေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေမှာ ခရီးသည် ၉၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ရတယ်လို့ ဆိုပါတယ်။
လက်တင်အမေရိက လေကြောင်းလိုင်းတွေအနေနဲ့လည်း ဝင်ငွေ ဒေါ်လာ ၁၅ ဘီလီယံအထိ ဆုံးရှုံးလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။ ဆုံးရှုံးရမယ့် ဝင်ငွေပမာဏဟာ လက်တင်အမေရိက လေကြောင်းသမိုင်းမှာ အဆိုးရွားဆုံးသော ဆုံးရှုံးမှု ဖြစ်လာပါတယ်။
Avianca လေကြောင်းလိုင်းရဲ့ စီအီးအိုဖြစ်သူ Anko van der Werff ကလည်း ကပ်ရောဂါဆိုးကြောင့် Avianca လေကြောင်းလိုင်း ကြုံတွေ့နေရတဲ့ အခြေအနေတွေဟာ နှစ်ပေါင်း ၁၀၀ အတွင်း အကြီးမားဆုံးသော အကျပ်အတည်းကာလ ဖြစ်တယ်လို့ ပြောပါတယ်။
Ref. BBC, CNN
You may also like these stories:
ကိုဗစ်-၁၉ ကြောင့် မြန်မာ့စီးပွားရေး နှေးသွားပြီး ဆင်းရဲသားများ အထိနာမည်ဟု ကမ္ဘာ့ဘဏ် ဆို
COVID-19 ကို တိုက်ထုတ်နိုင်မယ့် နည်းလမ်း တရုတ် မျှဝေ