Travel

ကိုဗစ်ကြောင့် ထိုင်းမှာ ခရီးသွားဝင်ရောက်မှု ၁၄ နှစ်အတွင်း ကျဆင်း

ခရီးသွားလုပ်ငန်းကနေ အဓိကဝင်ငွေ ရရှိနေတဲ့ ထိုင်းနိုင်ငံမှာ COVID-19 ဂယက်ကြောင့် ခရီးသည်ဝင်ရောက်မှုဟာ ပြီးခဲ့တဲ့ နှစ်ထက် အများဆုံးအနေနဲ့  ၂၅ ဒဿမ ၈ သန်းအထိ ထိုးကျသွားနိုင်ကြောင်း ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ Tourism Authority of Thailand (TAT) က မေလ ၁၁ ရက်နေ့မှာ ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်က ထိုင်းနိုင်ငံကို ခရီးသည် ၃၉ ဒဿမ ၈ သန်းအထိ စံချိန်တင် ဝင်ရောက်ခဲ့တယ်လို့လည်း သိရပါတယ်။ ထိုင်းနိုင်ငံမှာ နေ့စဉ် COVID-19 အတည်ပြုလူနာအသစ် တွေ့ရှိရမှုဟာ ဂဏန်းတလုံး အရေအတွက်သို့ လျော့နည်းနေခဲ့ရာ အစိုးရက စီးပွားရေးလုပ်ငန်းအချို့ကို အခုရက်သတ္တပတ်အတွင်း သတိထားပြီး ပြန်ဖွင့်ခွင့်ပြုခဲ့ကြောင်း Reuters သတင်းက ဖော်ပြပါတယ်။

TAT ရဲ့ ခန့်မှန်းချက်အရ ၂၀၂၀ ခုနှစ်မှာ ထိုင်းနိုင်ငံကို ခရီးသည် ၁၄ သန်းမှ ၁၆ သန်း လာရောက်မယ်လို့ သိရပြီး အဲဒီအရေအတွက်ဟာ ပြီးခဲ့တဲ့ မတ်လမှာ ခန့်မှန်းထားတဲ့ ခရီးသည်ဝင်ရောက်မှု ၃၃ ဒဿမ ၈ သန်းထက် သိသာစွာ လျော့နည်းသွားခဲ့တာ ဖြစ်ပါတယ်။ ခရီးသည်ဝင်ရောက်မှု ကျဆင်းသွားခြင်းက ၁၄ နှစ်အတွင်း အနည်းဆုံး ဖြစ်လာမယ်လို့လည်း ဆိုပါတယ်။

ထိုင်းအစိုးရက ကူးစက်မှုထိန်းချုပ်ဖို့အတွက် နေရာအမျိုးအစား ၈ ခုကို ယာယီ ပိတ်ထားမှုကာလဟာ ဧပြီလ ၃၀ ရက်နေ့မှာ ပြီးဆုံးခဲ့တာဖြစ်ပါတယ်။ ထိုင်းအစိုးရက စတိုးဆိုင်နဲ့ စူပါမတ်ကတ်များ အပြင်ဘက်ရှိ စားသောက်ဆိုင်များ၊ အစိုးရနဲ့ ပုဂ္ဂလိက ပန်းခြံများ၊ ဆံပင်ညှပ်ဆိုင်များ၊ ဂေါက်ကွင်းများ၊ တင်းနစ်နဲ့ ကြက်တောင်ရိုက် အားကစားနေရာများကို ပြန်ဖွင့်ပေးခဲ့ပါတယ်။

မေလ ၁၂ရက်နေ့  မနက်ပိုင်းအထိ စာရင်းတွေအရ ထိုင်းနိုင်ငံမှာ COVID-19 ကူးစက်လူနာ ၃၀၁၅ ဦး၊ သေဆုံးသူ ၅၆ ဦးနဲ့ ပြန်လည်သက်သာသူ ၂၇၉၆ ဦးရှိခဲ့တယ်လို့ သိရပါတယ်။

Ref. Reuters, Bangkok Post

You may also like these stories:
Loading