တောင်ကိုရီးယား၊ တရုတ်နဲ့ ဟောင်ကောင်ဟာ COVID-19 အကျပ်အတည်းကာလကို အထိုက်အလျောက် ဖြတ်ကျော်နိုင်ခဲ့ကြတဲ့အတွက် နိုင်ငံသားတွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ အခြေအနေတွေကလည်း ကောင်းမွန်လာခဲ့ပါတယ်။ ဒါကြောင့်လည်း ခရီးသွားလုပ်ငန်းကို ပြန်လည် ဦးဆောင်နိုင်ဖို့ အလားအလာတွေ ရှိနေတယ်လို့ Expedia ကုမ္ပဏီက ခန့်မှန်းထားတယ်။
Expedia ကုမ္ပဏီဟာ အမေရိကန် အွန်လိုင်းခရီးသွား ကုမ္ပဏီတခု ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ ဈေးကွက် စီမံခန့်ခွဲရေး ညွှန်ကြားရေးမှူးဖြစ်သူ Nick Andrews ကလည်း တောင်ကိုရီးယားနိုင်ငံဟာ ရောဂါ ပြန့်ပွားမှုကို ထိန်းချုပ်လာနိုင်ခဲ့တဲ့အတွက် ဧပြီလကတည်းလောက်က ပြည်တွင်းလေကြောင်း ခရီးစဉ်တွေကို ပျံသန်းနိုင်ခဲ့သလို မေလလောက်မှာတော့ လေကြောင်းခရီးစဉ်တွေကို သိသိသာသာ တိုးချဲ့လာနိုင်ခဲ့တာ တွေ့ရတယ်လို့ ပြောပါတယ်။
Mr Andrews အနေနဲ့ တောင်ကိုရီးယားနိုင်ငံဟာ ခရီးသွား ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးနိုင်ခဲ့တဲ့အတွက် ခရီးသွားလုပ်ငန်းတွေ အရှိန်အဟုန်မြင့်လာမယ်လို့ မျှော်လင့်ထားပါတယ်။
Expedia ကုမ္ပဏီက ကောက်ယူထားတဲ့ အချက်အလက်တွေအရ ဧပြီလကုန်အထိ ကြိုတင်လက်မှတ် မှာယူမှုတွေ နေ့စဉ်ရှိခဲ့တဲ့အတွက် တောင်ကိုရီးယား လေကြောင်းလိုင်းတွေအနေနဲ့ အပေါင်းလက္ခဏာဆောင်နေတယ်လို့ သိရပါတယ်။ ဒါကြောင့်လည်း တောင်ကိုရီးယား ပြည်တွင်းခရီးသွားလုပ်ငန်း တွေအတွက် အလားအလာကောင်းတွေ ပိုင်ဆိုင်နေပါတယ်။
တရုတ်နိုင်ငံကို ကြည့်မယ်ဆိုရင်လည်း ပြည်တွင်းကန့်သတ်ချက်တွေ ဖြေလျှော့ပေးခဲ့တဲ့အတွက် ဧပြီနှောင်းပိုင်းလောက်ကစပြီး ပြည်တွင်းခရီးသွားအရေအတွက် တိုးလာခဲ့တာကို တွေ့နိုင်ပါတယ်။ ပြည်တွင်းကန့်သတ်ချက်တွေ နည်းလာတဲ့အတွက် တရုတ်နိုင်ငံသားတွေဟာ လုပ်ငန်းခွင် ပြန်ဝင်နိုင်ဖို့ ကိုယ့်ဒေသကို အများအပြား ပြန်လာခဲ့ကြပါတယ်။
ဂျပန်နိုင်ငံရဲ့ ခရီးသွားရေစီးကြောင်းကိုကြည့်မယ်ဆိုရင် ပြည်တွင်း လေကြောင်းလိုင်းခရီးစဉ်တွေ သိသိသာသာ လျှော့ကျနေတာတွေ့ရမှာ ဖြစ်ပါတယ်။ ဒီလိုဖြစ်လာရတဲ့ အကြောင်းကလည်း ဧပြီလအတွင်းမှာ ရောဂါကူးစက်ခံရသူ အရေအတွက် တိုးလာခဲ့တဲ့အတွက်ကြောင့်လို့ Mr Andrews က ပြောပါတယ်။
ဂျပန်နိုင်ငံအနေနဲ့ အရေးပေါ်အခြေအနေကိုလည်း မေလကုန်အထိ သတ်မှတ်ထားတဲ့အတွက် ပြည်တွင်းခရီးသွားလုပ်ငန်းတွေဟာ ဆက်ပြီးကျဆင်းနေလိမ့်ဦးမယ်လို့ သူက ပြောပါတယ်။ ပြည်ပခရီးသွားတွေကို ကျန်းမာရေးဆိုင်ရာလုံခြုံမှုပေးပြီး ဆွဲဆောင်နိုင်ခြင်းက ပြည်တွင်းစီးပွားရေးကို နာလန်ပြန်ထလာအောင် လုပ်ပေးနိုင်တဲ့ နည်းလမ်းတခုဖြစ်တယ်လို့ Expedia ကုမ္ပဏီက ညွှန်ပြ ထားပါတယ်။
McKinsey & Company ရဲ့ စစ်တမ်းပြုစုထားမှုအရ တရုတ်ရဲ့စီးပွားရေး အခြေအနေပြန်လည်ကောင်းမွန်လာမှုဟာ တရုတ်တွေရဲ့ အကောင်းမြင်စိတ်ကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ တရုတ်၊ တောင်ကိုရီးယားနိုင်ငံနဲ့ ယှဉ်လိုက်ရင် ဂျပန်နိုင်ငံက အဆိုးမြင်စိတ် ပိုကဲတယ်လို့ စစ်တမ်းထဲမှာ ဖော်ပြထားပါတယ်။
ခရီးသွားလုပ်ငန်းကို ပြန်လည်ဦးဆောင်လာနိုင်မယ့် နောက်ထပ် ဒေသကတော့ ဟောင်ကောင်ပါ။ အချိန်အများကြီးပေးပြီး ခရီးသွားနိုင်သူတွေအတွက်တော့ ဟောင်ကောင်ဟာ အကောင်းဆုံးဒေသ တခုပါလို့ Mr Andrews က ပြောပါတယ်။
ဟောင်ကောင်အခြေစိုက် Cathay Pacific လေကြောင်းလိုင်းအနေနဲ့ ဇွန်လကုန်ပိုင်းလောက်မှာ နိုင်ငံတကာခရီးစဉ်တွေကို ပြန်လည် ပြေးဆွဲဖို့ရှိနေပြီး အဓိကအားဖြင့်တော့ အာရှနိုင်ငံရဲ့ အချက်အချာကျတဲ့မြို့တွေကို နေ့စဉ် ပုံမှန်ပြေးဆွဲသွားဖို့ ရှိနေပါတယ်။
Ref: Bangkokpost
You may also like these stories:
ကိုဗစ်ကြောင့် ထိုင်းမှာ ခရီးသွားဝင်ရောက်မှု ၁၄ နှစ်အတွင်း ကျဆင်း
COVID-19 ကြောင့် ကိုလံဘီယာလေကြောင်းလိုင်း ဒေဝါလီခံရဖွယ်ရှိ
၂၀၂၀ အတွင်း ခရီးသွားအရေအတွက် ၆၀ မှ ၈၀ ရာခိုင်နှုန်း ကျဆင်းနိုင်