Travel

ထိုင်းခရီးသွားလုပ်ငန်းများ စတင်ရန် CP ကုမ္ပဏီ တိုက်တွန်း

Want create site? Find Free WordPress Themes and plugins.

ထိုင်းနိုင်ငံအခြေစိုက် Charoen Pokphand(CP) ကုမ္ပဏီဟာ ထိုင်းနိုင်ငံမှာ အကြီးမားဆုံး ပုဂ္ဂလိက ကုမ္ပဏီတခုဖြစ်ပြီး ကမ္ဘာ့အကြီးမားဆုံး ကုမ္ပဏီစာရင်းမှာလည်း ပါဝင်ပါတယ်။ ၂၀၂၀ ခုနှစ်မှာတော့ နိုင်ငံပေါင်း ၂၁ နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ထားပါတယ်။

ထိုင်းနိုင်ငံရဲ့ အစားအစာနဲ့ စိုက်ပျိုးရေး လုပ်ငန်းစုကြီးကို ပိုင်ဆိုင်ထားတဲ့ CP ကုမ္ပဏီရဲ့ ဥက္ကဋ္ဌဖြစ်သူ Mr.Dhanin Chearavanont က ခရီးသွားလုပ်ငန်း ပြန်လည် ရှင်သန်လာအောင် ကူညီပေးမယ်လို့ ပြောဆိုခဲ့ပါတယ်။

ဘီလီယံနာသူဋ္ဌေးကြီးဖြစ်တဲ့ Mr.Dhanin က ထိုင်းအစိုးရအား ကန့်သတ်ချက်တွေ ဖြေလျှော့ပေးဖို့ တိုက်တွန်းထားပြီး နိုင်ငံတကာခရီးသွား ဧည့်သည်တွေကို ဖြစ်နိုင်တဲ့ နည်းလမ်းတွေနဲ့ အမြန်ဆုံး လက်ခံဖို့ကိုလည်း အကြံပြုထားပါတယ်။ ထိုင်းနိုင်ငံကိုလည်း နိုင်ငံတကာခရီးသွားတွေအတွက် လုံခြုံတဲ့နေရာတခု ဖြစ်စေချင်နေပါတယ်။

CP ကုမ္ပဏီရဲ့ ဥက္ကဋ္ဌ Mr.Dhanin Chearavanont

Lockdown ကာလအတွင်း ထိုင်းနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေ ကျဆင်းခဲ့ရပြီး တရက်ကို ဘတ် ၁၆ ဘီလီယံ နေ့စဉ်ဆုံးရှုံးခဲ့ရသလို တလကို ဘတ် ၅၀၀ ဘီလီယံ ဆုံးရှုံးခဲ့ရတယ်လို့ Mr.Dhanin က ပြောပါတယ်။ တဆက်တည်းမှာပဲ Mr.Dhanin က Lockdown ကာလ ကြာမြင့်လေလေ ဆုံးရှုံးမှုများလေလေပဲလို့ Bangkokpost ကို ပြောပါတယ်။ Lockdown ကာလဟာ ဝင်ငွေ မရှိဘဲ ကုန်ကျစရိတ်သာ ပိုများလာပါတယ်။

ထိုင်းနိုင်ငံမှာ COVID-19 ကူးစက်မှုနှုန်း မြင့်တက်လာခဲ့တဲ့အတွက် ထိုင်းအစိုးရက မတ်လ ၉ ရက် နေ့ကစပြီး Lockdown အစီအစဉ်တွေကို ချမှတ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ထိုင်းနိုင်ငံမှာ COVID-19 ကူးစက်မှုနှုန်းက ၁ ရာခိုင်နှုန်းသာရှိတော့တယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။

Lockdown ကာလအတွင်း စီးပွားရေး ကျဆင်းမှုဒဏ်ကြောင့် သန်းနဲ့ချီတဲ့ အလုပ်သမားတွေ အလုပ်လက်မဲ့ ဖြစ်ခဲ့ရပါတယ်။ အလုပ်လက်မဲ့ ပြဿနာနဲ့အတူ နိုင်ငံခြားသား ခရီးသွားတွေကိုပါ ပြည်ဝင်ခွင့် ကန့်သတ်လိုက်တဲ့အတွက် ခရီးသွားလုပ်ငန်းတွေမှာ ထိခိုက်မှုအများကြီး ရှိခဲ့ပါတယ်။

ထိုင်းနိုင်ငံရဲ့ COVID-19 ထိန်းချုပ်ရေးစင်တာ(CCSA) က ပြီးခဲ့တဲ့ မေလ ၁၃ ရက် ၊ ဗုဒ္ဓဟူးနေ့မှာ နိုင်ငံတဝှမ်း ရောဂါကူးစက်ခံရသူ မရှိဘူးလို့ ကြေညာခဲ့ပါတယ်။ Lockdown ချပြီး ၆၅ ရက်ကြာမှ ထိုင်းနိုင်ငံမှာ ရောဂါကူးစက်သူ လုံးဝ မတွေ့ရှိခဲ့တဲ့ နေ့တနေ့ပါ။ ဒီကနေ့ မနက်ပိုင်း ထုတ်ပြန်ချက်တွေအရ ထိုင်းနိုင်ငံမှာ ရောဂါကူးစက်ခံရသူပေါင်း ၃,၀၁၇ ယောက် ရှိနေပြီး သေဆုံးသူ ၅၆ ယောက် ရှိသွားပါပြီ။

COVID-19 ကပ်ရောဂါဟာ ဘယ်အချိန်မှ ပြီးဆုံးမလဲ တိတိကျကျ မသိပါဘူး။ ကာကွယ်ဆေးရတဲ့ အချိန်ထိ စောင့်ရမယ်ဆိုရင် စီးပွားရေးလုပ်ငန်းတွေလည်း ကျရှုံးရဖို့သာ ရှိပါတယ်။ အဲဒီလောက် အချိန်တွေအကြာကြီး စောင့်ဆိုင်းဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ Mr.Dhanin က ပြောပါတယ်။

ထိုင်းနိုင်ငံ ရဲ့ ခရီးသွားလုပ်ငန်းတွေဟာ စုစုပေါင်းပြည်တွင်းထုတ်ကုန်(GDP) ရဲ့ ၁၆ – ၁၇ ရာခိုင်နှုန်းရှိပါတယ်။ ထိုင်းနိုငငံရဲ့ ဗိုင်းရပ်စ်ပြန့်ပွားမှု အခြေအနေကလည်း ထိန်းချုပ်နိုင်နေတဲ့အဆင့် ဖြစ်နေတဲ့အတွက် ခရီးသွားလုပ်ငန်းတွေ ပြန်လည်စတင်ဖို့ လိုအပ်တယ်လို့ သူက ပြောပါတယ်။

တခြားနိုင်ငံတွေနဲ့ ယှဉ်လိုက်ရင် ထိုင်းနိုင်ငံမှာ COVID-19 ကြောင့် သေဆုံးသူနဲ့ ကူးစက်ခံရသူ အရေ အတွက်က နည်းပါးပါတယ်။ ထိုင်းနိုင်ငံကို ရောက်ရှိနေကြတဲ့ တရုတ်ခရီးသွားများစွာလည်း ရှိနေကြ ပါသေးတယ်။ ထိုင်းနိုင်ငံက နိုင်ငံခြားသားခရီးသွားတွေကို သက်သေပြရမယ့် အချက်ကတော့ ထိုင်းနိုင်ငံမှာ ကျွမ်းကျင်ဆရာဝန်တွေနဲ့ အဆင့်မြင့် ဆေးရုံတွေရှိကြောင်း ကမ္ဘာကြီးကို ပြောဖို့ လိုအပ်တယ် လို့ Mr.Dhanin က ပြောပါတယ်။

ထိုင်းနိုင်ငံမှာ ကြယ်ငါးပွင့်ဟိုတယ်တွေ ရှိသလို ကြယ်ငါးပွင့်အဆင့် ဆေးရုံတွေရှိပြီး ကမ္ဘာ့အတော်ဆုံးဆရာဝန်တွေ ရှိပါတယ်။ တကယ်လို့သာ နိုင်ငံတကာမှာ ချမ်းသာနေတဲ့ လူတွေရဲ့ ယုံကြည်မှုကို သာရခဲ့မယ်ဆိုရင် သူတို့တွေဟာ မိခင်နိုင်ငံထက် ကျန်းမာရေးလုံခြုံမှုပိုပေးနိုင်တဲ့ ထိုင်းနိုင်ငံကို လာရောက်ကြပါလိမ့်မယ် လို့ Mr.Dhanin ကပြောပါတယ်။

Mr.Dhanin ဟာ ၂၀၂၀ ခုနှစ်အတွက် Forbes မဂ္ဂဇင်းကရွေးချယ်ခဲ့တဲ့ ထိုင်းနိုင်ငံမှာ အချမ်းသာဆုံး ပုဂ္ဂိုလ် ၅၀ ထဲ ပါဝင်ခဲ့သူလည်းဖြစ်ပါတယ်။

Ref: Bangkokpost

You may also like these stories:

ခရီးသွားလုပ်ငန်းကို ပြန်လည် ဦးဆောင်နိုင်ဖွယ်ရှိတဲ့ နိုင်ငံများ

ကိုဗစ်ကြောင့် ထိုင်းမှာ ခရီးသွားဝင်ရောက်မှု ၁၄ နှစ်အတွင်း ကျဆင်း

COVID-19 ကြောင့် ကိုလံဘီယာလေကြောင်းလိုင်း ဒေဝါလီခံရဖွယ်ရှိ

Did you find apk for android? You can find new Free Android Games and apps.
Loading