ထိုင်းနိုင်ငံမှာ နိုင်ငံတကာ ခရီးသည်တင် လေကြောင်းသွားလာခွင့် ပိတ်ပင်ချက်ကို ဇွန်လကုန်အထိ တိုးချဲ့လိုက်တယ်လို့ မေလ ၁၆ ရက်နေ့က ကြေညာလိုက်ပါတယ်။ ထိုင်းလေကြောင်း အာဏာပိုင်က ယခင် မေလကုန်ထိ သတ်မှတ်ထားခဲ့ပေမယ့် အခု ဇွန်လ ၃၀ ရက်နေ့ အထိ ဆက်လက် တိုးမြင့် ပိတ်ပင်လိုက်တယ်လို့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
အဆိုပါ ကြေညာချက်ဟာ ပြည်တွင်းမှာ မေလအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု လျော့ကျသွားတာကြောင့် ကန့်သတ်ချက် အနည်းငယ် ဖြေလျော့အပြီးမှာ ထွက်ပေါ်လာခဲ့တာပါ။ ထိုင်းနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုကြောင့် နိုင်ငံတကာ လေကြောင်းသွားလာခွင့်တွေကို ဧပြီလကစလို့ ယာယီ ရပ်ဆိုင်းထားခဲ့တာ ဖြစ်ပါတယ်။
စစ်လေယာဉ်၊ အရေးပေါ်လေယာဉ်၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လေယာဉ်၊ ဆေးနဲ့ ဆေးဝါး ထောက်ပံ့သယ်ယူရေး လေယာဉ်တွေကလွဲလို့ ထိုင်းနိုင်ငံ ပြင်ပမှ ဘယ်ခရီးသည်တင်လေကြောင်းလိုင်းမဆို ဇွန် ၃၀ ရက်အထိ ဆင်းသက်ခွင့် ပိတ်ပင်လိုက်တာပါ။
လက်ရှိမှာတော့ ထိုင်းပြည်တွင်းခရီးစဉ်တွေကို ချင်းမိုင်၊ ချင်းရိုင်၊ သုဝဏ္ဏဘူမိ၊ ဒုံမောင်းနဲ့ Hat Yai လေဆိပ်တွေမှာ ဆင်းသက်ခွင့်ပြုထားပြီး ခရီးသည်တွေကိုလည်း ကျန်းမာရေး စည်းကမ်းချက်တွေအရ လိုက်နာဖို့ သတ်မှတ်ထားပါတယ်။
ထိုင်းနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၃,၀၂၈ ဦးရှိကာ ၅၆ ဦးသေဆုံးခဲ့ပြီး မေလ ၁၆ ရက်မှာဆိုရင် ကူးစက်သူ မရှိဘူးလို့ ဆိုပါတယ်။ ညမထွက်ရအမိန့်ကိုလည်း ယခင် ည ၁၀ နာရီကနေ မနက် ၄ နာရီအစား ည ၁၁ နာရီကနေ မနက် ၄ နာရီ အထိ ပြင်ဆင်ပေးခဲ့ပါတယ်။
မေလ ၁၇ ရက်ကစပြီး အစိုးရက စီးပွားရေးလုပ်ငန်း ၁၀ ခုကျော်ကို ပြန်လည် ဖွင့်လှစ်ခွင့်ပေးတော့မယ်လို့ ဆိုပါတယ်။ ပြန်လည်ဖွင့်လှစ်ခွင့်ပေးခဲ့တဲ့ ဈေးဝယ်စင်တာတွေထဲက ရုပ်ရှင်ရုံတွေကိုတော့ ပိတ်ထားဦးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရုပ်ရှင်ပြန်လည် ရိုက်ကူးခွင့်တွေကိုလည်း Social distancing နည်းလမ်းအတိုင်း ၁၀ ယောက်ကနေ အများဆုံး အယောက် ၅၀ အထိ ရိုက်ကူးခွင့်ပြုထားပါတယ်။
ဒါ့ပြင် အလှအပဆိုင်ရာဆေးခန်း၊ Beauty salon နဲ့ Fitness centre တွေကိုပါ ပြန်လည် ဖွင့်လှစ်ခွင့်ပေးခဲ့သလို Indoor အားကစားခန်းမတွေနဲ့ ရေကူးကန်တွေကိုလည်း ဖွင့်ခွင့်ပြုခဲ့ပါတယ်။ တာဝန်ရှိသူတွေက ပြန်လည် ဖွင့်လှစ်ခွင့်ပေးခဲ့တဲ့ စီးပွားရေးလုပ်ငန်းတွေကို ရောဂါကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ စည်းမျဉ်းတွေအတိုင်း လိုက်နာကြဖို့ ညွှန်ကြားထားပါတယ်။
Ref: Bangkok Post