အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ ဗီယက်နမ်၊ လာအို နည်းတူ ကမ္ဘောဒီးယားနိုင်ငံကလည်း COVID-19 ကပ်ရောဂါဆိုးကြီးကို လူအသေအပျောက်မရှိဘဲ ကျော်ဖြတ်နိုင်ခဲ့တဲ့ နိုင်ငံ တနိုင်ငံပါ။
အခုဆိုရင် ကမ္ဘောဒီးယားနိုင်ငံမှာ ကူးစက်လူနာသစ် ထပ်မတွေ့ရတော့တာ ၁ လကျော်သွားပြီ ဖြစ်တဲ့အတွက် ကမ္ဘောဒီးယားအစိုးရအနေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ပြန်လည်ပတ်နိုင်အောင် ဆောင်ရွက်နေသလို ခရီးသွားလုပ်ငန်း ပြန်လည် ကောင်းမွန်လာဖို့အတွက်လည်း ကြိုးစားနေပါတယ်။
ကမ္ဘောဒီးယားမှာ COVID-19 ကူးစက်ခံရသူ ၁၂၂ ယောက်သာ ရှိခဲ့ပြီး ကူးစက်ခံရသူ အားလုံးကလည်း ကျန်းမာရေးပြန်လည် ကောင်းမွန်လာခဲ့ကြပါပြီ။
COVID-19 စတင် ပြန့်ပွားစဉ် ကာလတုန်းမှာတော့ ကမ္ဘောဒီးယား အစိုးရအနေနဲ့ ပြည်ဝင်ခွင့် ယာယီ ရပ်ဆိုင်းတာမျိုး ဆောင်ရွက်ခဲ့ပေမယ့် အခုအချိန်မှာတော့ ရောဂါကူးစက်မှု အခြေအနေတွေကို ထိန်း ချုပ်လာနိုင်ပြီးဖြစ်တဲ့အတွက် ပြည်တွင်း Lockdown တွေကို ပြန်ရုတ်သိမ်းခဲ့သလို ယာယီရပ်ဆိုင်း ထားတဲ့ ပြည်ဝင်ခွင့်တွေကိုလည်း ပြန်လည် ရုတ်သိမ်းခဲ့ပါတယ်။
ကမ္ဘောဒီးယားအစိုးရအနေနဲ့ အီရန်၊ အီတလီ၊ ဂျာမနီ၊ စပိန်၊ ပြင်သစ်နဲ့ အမေရိကန်နိုင်ငံကို ပြည်ဝင်ခွင့် ပြန်လည် ခွင့်ပြုလိုက်ကြောင်း မေလ ၂၀ ရက်နေ့မှာ ကမ္ဘောဒီးယား ကျန်းမာရေးဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။
အဆိုပါ ပြန်လည်ခွင့်ပြုလိုက်တဲ့ နိုင်ငံတွေကနေ ကမ္ဘောဒီးယားနိုင်ငံကို လာရောက် လည်ပတ်လိုသူတွေအနေနဲ့ ၇၂ နာရီအတွင်း ရယူထားတဲ့ ကျန်းမာရေးထောက်ခံစာ လိုအပ်သလို ကျန်းမာရေး အာမခံအဖြစ် ဒေါ်လာ ၅၀,၀၀၀ ပေးဆောင်ရမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
ဝန်ကြီးဌာန ရဲ့ထုတ်ပြန်ချက်ထဲမှာ ကမ္ဘောဒီးယားနိုင်ငံကို လာရောက် လည်ပတ်တဲ့ နိုင်ငံတကာ ခရီးသွားတွေအနေနဲ့ အစိုးရက သတ်မှတ်ပေးထားတဲ့ နေရာတွေမှာ Quarantine ၁၄ ရက် ဝင်ရမယ်လို့လည်း ဖော်ပြထားပါတယ်။
ကမ္ဘောဒီးယားကျန်းမာရေးဝန်ကြီးဖြစ်သူ Mam Bunheng ရဲ့ ပြောကြားချက်အရ ပြည်ပရောက် ကမ္ဘောဒီးယား နိုင်ငံသားတွေအပြင် နိုင်ငံခြားသား ခရီးသည်တွေ အားလုံး ကမ္ဘောဒီးယားနိုင်ငံကို လာရောက်ကြတဲ့အခါ COVID-19 နဲ့ ပတ်သက်တဲ့ ဆေးစစ်မှုတွေကို ခံယူရမှာဖြစ်ပြီး ဓာတ်ခွဲခန်း အဖြေကိုလည်း တင်ပြနိုင်ရမယ်လို့ သိရပါတယ်။
အရှေ့တောင်အာရှနိုင်ငံတွေထဲမှာဆိုရင်တော့ ကမ္ဘောဒီးယားနိုင်ငံမှာ ပိုးတွေ့လူနာအားလုံး ရောဂါ ပျောက်ကင်းသွားခဲ့တဲ့အတွက် COVID-19 ကူးစက်လူနာ မရှိတဲ့ နိုင်ငံအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတဲ့ နောက်ဆုံးလူနာကလည်း ပြီးခဲ့တဲ့စ နေနေ့မှာပဲ ကျန်းမာစွာနဲ့ ဆေးရုံကနေ ဆင်းသွားနိုင်ခဲ့တယ်လို့ ကမ္ဘောဒီးယား ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
ဗီယက်နမ်နိုင်ငံမှာ ပိုးတွေ့လူနာ ၃၂၄ ယောက်အနက် ကျန်းမာရေး ပြန်လည် ကောင်းမွန်လာခဲ့သူ ၂၆၄ ယောက် ရှိခဲ့ပြီး ၆၀ ယောက်ကတော့ ဆေးကုသမှု ဆက်လက် ခံယူနေရတုန်းပါပဲ။ လာအိုမှာ ပိုးတွေ့လူနာ ၁၉ ယောက်အနက် ၁၄ ယောက် ကျန်းမာရေး ပြန်လည် ကောင်းမွန်လာခဲ့ပြီး ၅ ယောက်ကတော့ ဆေးကုသမှု ဆက်လက် ခံယူနေပါတယ်။
Ref. Bangkokpost