ဥရောပတိုက်က ခရီးသွားဧည့်သည် ဝင်ရောက်မှုများတဲ့ ဂရိနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် ကန့်သတ်ချက် တွေထားရှိခဲ့ချိန် ယိမ်းယိုင်သွားတဲ့စီးပွားရေး ပြန်လည်ထူထောင်နိုင်အောင် ဇွန်လ ၁၅ ရက်ကစလို့ ခရီးသွားလုပ်ငန်း ပြန်လည်ဖွင့်လှစ်တော့မယ်လို့ ကြေညာလိုက်ပါတယ်။
ဂရိဝန်ကြီးချုပ် Kyriakos Mitsotakis က ခရီးသွားရာသီပြန်ဖွင့်မယ့်အကြောင်းကို နိုင်ငံတော်မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့တာပါ။ အရင်ဆုံး ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနည်းတဲ့နိုင်ငံတွေက ခရီးသွားဧည့်သည်တွေကို ဦးစားပေး လက်ခံမယ်လို့ ဆိုပါတယ်။
ဇူလိုင် ၁ ရက်လောက်ဆိုရင် နိုင်ငံတကာလေကြောင်းလိုင်း တော်တော်များများကိုပါ နိုင်ငံတွင်း ပြန်လည်ဆင်းသက်ခွင့် ပြုထားတယ်လို့လည်း ဆိုပါတယ်။ ဂရိနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူအရေအတွက် ၃,၀၀၀ ကျော် ရှိခဲ့ပြီး သေဆုံးသူ ၁၇၀ အောက်လျော့နည်းခဲ့ပါတယ်။
လာရောက်မယ့် ခရီးသွားဧည့်သည်တွေရဲ့ ကျန်းမာရေးအတွက်လည်း စိတ်ချရစေမယ်လို့ ဆိုပါတယ်။
“ကျနော် တို့ ကျန်းမာရေးပိုင်းမှာ အောင်ပွဲခံခဲ့သလို စီးပွားရေးဘက်ကိုလည်း အနိုင်ရအောင် ကြိုးစားသွားမယ်” လို့ မိန့် ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
ဂရိခရီးသွားဝန်ကြီး Haris Theoharis ကလည်း ဂရိနိုင်ငံတွင်းကို လာရောက်မယ့် ခရီးသွားတွေဟာ စောင့်ကြည့်ရေး ကာလ Quarantine ဝင်စရာမလိုသလို၊ COVID-19 ရှိမရှိ စမ်းသပ်စရာမလိုဘဲ ဝင်ခွင့်ပေးသွားမှာဖြစ် ပြီး အကယ်လို့ သံသယဖြစ်စရာတွေ့ခဲ့ရင် ကျန်းမာရေးပိုင်းက တာဝန်ရှိသူတွေက စစ်ဆေးမှုတွေ ချက်ချင်း ဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။
အစိုးရပိုင်းကလည်း ခရီးသွားအများဆုံးလာရောက်မယ့်နေရာတွေမှာ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေအပြင် ရောဂါကြိုတင် ကာကွယ်ရေးတွေကိုပါ အလေးပေး ဆောင်ရွက်ထားမယ်လို့ ဆိုပါတယ်။ ရောဂါကူးစက်မှုတွေ ရှိ မလာအောင် လိုအပ်တဲ့ ဆေးဘက်ဆိုင်ရာကိရိယာတွေကိုလည်း တပ်ဆင်ထားမှာဖြစ်ပါတယ်။
ခရီးသွားလုပ်ငန်းဟာ ဂရိနိုင်ငံရဲ့ နိုင်ငံခြားဝင်ငွေအဓိကရှာဖွေပေးနေတဲ့ လုပ်ငန်းဖြစ်ပြီး တနှစ်ကို နိုင်ငံ့ဝင်ငွေ ၂၀ ရာခိုင်နှုန်း လောက် ရရှိသလို၊ လူလေးယောက်မှာ တယောက်နှုန်း အလုပ်အကိုင်အခွင့်အလမ်း ရှိနေတဲ့ နယ်ပယ်တခုလည်း ဖြစ်ပါတယ်။
နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဒဏ်ကို ခုခံနိုင်ခဲ့ပေမယ့် ခရီးသွားလုပ်ငန်းကို အားထားရတဲ့နိုင်ငံဖြစ်တာကြောင့် စီးပွားရေးဘက်မှာ ကျဆင်းနေတယ်လို့ ဥရောပသမဂ္ဂက ထုတ်ပြန်တဲ့ စီးပွားရေးအစီရင်ခံစာမှာ ဖော်ပြ ထားပါတယ်။ ဒါကြောင့်လည်း ဂရိအာဏာပိုင်တွေက တိုင်းပြည်စီးပွားရေးပြန်ကောင်းလာအောင် အိမ်နီးချင်းနိုင်ငံတွေထက် စောလျင်ပြီး ခရီးသွားလာခွင့်ကို အမြန်ဆုံးပြန်ဖွင့်နိုင်အောင် စီစဉ်နေခြင်းဖြစ်ပါတယ်။
Ref: edition.cnn
You may also like these stories:
တယောက်တည်းပဲသီးသန့် စားနိုင်မယ့် ဆွီဒင်က စားသောက်ဆိုင်လေး
တောင်ကိုရီးယားမှာ အထက်တန်းကျောင်းတွေ ပြန်ဖွင့်ပြီး နာရီပိုင်းအတွင်း ပြန်ပိတ်ခဲ့ရ